Connect with us

Asia

လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများအတွက် အလုပ်အကိုင် ထိုင်း အလုပ်သမားဦးစီးဋ္ဌာန ထောက်ပံ့ပေး

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် မဟာ ဗာဂျီရယ် လောင်ကွန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတစ်ဝန်း တော်ဝင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသည့် မြောက်မြားစွာသော အကျဉ်းသားများအတွက် ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဋ္ဌာနက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လစ်လပ်နေသော အလုပ်အကိုင်နေရာပေါင်း ၅၅,၃၀၀ ရှိကြောင်း၊ တော်ဝင် အမိန့်ဖြင့် လွတ်ငြိမ်း ချမ်းသာခွင့်ရလာသည့် အကျဉ်းသား ဦးရေ ၃၀,၀၀၀ အတွက် အခွင့်အလမ်း ဖြစ်လာနိုင်ကြောင်း အလုပ်သမား ဦးစီးဋ္ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဗီဝတ် ဂျီရာဖန်ဗန်နစ်က ပြောသည်။

အဆိုပါ လွတ်မြောက်လာသည့် အကျဉ်းသားများအား ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် မဟာ ဗာဂျီရယ် လောင်ကွန်း နန်းတက်ခြင်း အထိမ်းအမှတ် အနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ကြောင်း၊ လွတ်မြောက်လာသည့် အကျဉ်းသား အများစုမှာ ထောင်ဒဏ် ၂ နှစ်ထက် မပိုသော ပြစ်ဒဏ်ပေးခံရသူများ ဖြစ်ကြောင်း သိရသည်။

အလုပ်အကိုင် အခွင့်အလမ်းများသည် အိမ်အကူ၊ ထမင်းချက်၊ ယာဉ်မောင်း၊ ဈေးရောင်းသူနှင့် စက်ရုံ အလုပ်များ ဖြစ်ကြောင်း ဗီဝတ်က ပြောသည်။

အဆိုပါ လစ်လပ်နေရာများအား စိတ်ဝင်စားသည့် လွတ်မြောက်လာသော အကျဉ်းသားများ၏ နာမည်နှင့် အရေအတွက်အား ပြုပြင်မွမ်းမံရေး ဦးစီးဋ္ဌာနမှ ရရှိခဲ့ကြောင်းနှင့် စွမ်းရည် ဖွံ့ဖြိုးရေး ဦးစီးဋ္ဌာနမှ အလုပ်အကိုင် စွမ်းရည် မြှင့်တင်ပေးခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)