Connect with us

Asia

စူပါတိုင်ဖွန်းမုန်တိုင်း Goni ဒဏ်ကို ဖိလစ်ပိုင်ပြည်သူ လေးပုံတစ်ပုံကျော် ကြုံတွေ့ခံစားရ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တွင် စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီတိုက်ခတ်ပြီးနောက် မြင်ကွင်းများအား အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ်(Xinhua/Rouelle Umali)

မနီလာ ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

ဖိလစ်ပိုင်နိုင်ငံ၌ ပြည်သူ ၁၉ သန်းမှ ၃၁ သန်းအကြား နိုင်ငံ့လူဦးရေ၏ လေးပုံတစ်ပုံကျော်သည် စူပါတိုင်ဖွန်းမုန်တိုင်းဂွန်နီ(Goni) ၏ သက်ရောက်မှုဒဏ်ကို ကြုံတွေ့ရလိမ့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသဘာဝဘေးအန္တရာယ်အဖွဲ့က ယနေ့ နိုဝင်ဘာ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ကျွန်တော်တို့ရဲ့ တွက်ချက်ခန်မှန်းမှုအရ ပြည်သူ ၁၉ သန်းကနေ ၃၁ သန်းအကြား မုန်တိုင်းဒဏ်ကို သက်ရောက်ခံစားရဖွယ်ရှိနေပါတယ်၊ မုန်တိုင်းသွားရာလမ်းကြောင်းအတွင်း နေထိုင်တဲ့ လူဦးရေပေါ်အခြေခံပြီး တွက်ချက်ထားတာပါ” ဟု အမျိုးသားဘေးအန္တရာယ်လျှော့ချရေး နှင့် စီမံခန့်ခွဲမှုကောင်စီ(NDRRMC) မှ ပြောရေးဆိုခွင့်ရှိသူ Mark Timbal က သတင်းထောက်များအားပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တွင် စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီတိုက်ခတ်ပြီးနောက် မြင်ကွင်းများအား အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ်(Xinhua/Rouelle Umali)

ဖိလစ်ပိုင်မိုးလေဝသဗျူရို၏ နောက်ဆုံးထုတ်ပြန်သောကိန်းဂဏန်းအချက်အလက်များအရ စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီသည် ယခုနှစ်အတွင်းကမ္ဘာပေါ်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် အပြင်းထန်ဆုံးဖြစ်ကြောင်း ၊ မုန်တိုင်းဗဟိုချက်အနီးတွင် အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီလျှင် ၂၂၅ ကီလိုမီတာအထိရှိခဲ့ပြီး တစ်နာရီလျှင် ၃၁၀ ကီလိုမီတာ အထိ အပြင်းထန်ဆုံးအနေအထား ရောက်ရှိခဲ့ကြောင်း ဆိုသည်။

ယနေ့ နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် လေပြင်းတိုက်ခြင်း နှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဂွန်နီမုန်တိုင်းသည် တစ်နာရီ ၂၅ ကီလိုမီတာနှုန်းဖြင့် အနောက်-အနောက်တောင်ဘက်သို့ ဦးတည်ရွေ့လျားသွားကြောင်း Albay ပြည်နယ် အုပ်ချုပ်ရေးမှူး က ဒေသမီဒီယာအားပြောကြားခဲ့သည်။ အဆိုပါအပူပိုင်းမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းကြောင့် Albay ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု နှင့် ဖုန်းလိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တွင် စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီတိုက်ခတ်ပြီးနောက် မြင်ကွင်းများအား အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ်(Xinhua/Rouelle Umali)

အချို့သော ကယ်ဆယ်ရေးစခန်းများရှိ အမိုးအကာများသည် တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမိုးလန်သွားသည့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသူများအား အခြားသော ဘေးလွတ်ရာနေရာများသို့ ထပ်မံပြောင်းရွှေ့ပေးခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးစခန်းများတွင် COVID-19 ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ရေးအလို့ငှာ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် ညွှန်ကြားထားသော်လည်း Bichara က လက်တွေ့အကောင်အထည်ဖော်နိုင်ရန် မထင်ကြောင်း ပြောကြားခဲ့သည်။

ဂွန်နီမုန်တိုင်းသည် ဒေသစံတော်ချိန် နံနက် ၂ နာရီတွင် စူပါမုန်တိုင်းတစ်လုံးအဖြစ် Catanduanes ရှိ Bato မြို့သို့ ဝင်ရောက်ခဲ့ပြီး ဒေသစံတော်ချိန် နံနက် ၄ နာရီ ၅၀ မိနစ်တွင် နိုင်ငံအရှေ့တောင်ပိုင်းရှိ Luzon ၏ အစိတ်အပိုင်းဖြစ်သော ကျွန်းတစ်ကျွန်းကိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရေလွှမ်းမိုးမှု ၊ မြေပြိုမှု နှင့် မုန်တိုင်းဒဏ် ကျယ်ကျယ်ပြန့်ပြန့်ခံစားခဲ့ရသည့် Bicol ဒေသမှ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရသည်။
ဖိလစ်ပိုင်နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့က ဆိပ်ကမ်း ဒါဇင်ပေါင်းများစွာကို ပိတ်ထားရန် အမိန့်ပေးခဲ့ပြီး ခရီးသွားလာခြင်းမပြုရန်လည်း တားမြစ်ထားကြောင်း သိရသည်။ လေကြောင်းအာဏာပိုင်များက မနီလာမြို့ရှိ နိုင်ငံတကာလေဆိပ်ကို အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီမှ စတင်ကာ ၂၄ နာရီပိတ်ထားရန် ကြေညာခဲ့ကြောင်း သိရသည်။
စူပါတိုင်ဖွန်းမုန်တိုင်း ဂွန်နီသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၌ တိုက်ခတ်ခဲ့သော ၁၈ လုံးမြောက် ဆိုင်ကလုန်းမုန်တိုင်းဖြစ်သည်။ ယင်းသည် Quezon ပြည်နယ်ကိုဖြတ်သန်း၍ မနီလာတောင်ပိုင်းရှိ ကျန်ဒေသအားလုံးကို ဝင်ရောက်တိုက်ခတ်သွားကြောင်း နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တောင်တရုတ်ပင်လယ်ထဲသို့ ဦးတည်ဝင်ရောက်ခြင်းမပြုမီ မြို့တော်အနီးချဉ်းနင်းတိုက်ခတ်ချိန်တွင် အားပျော့သွားဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

မနီလာမြို့တွင် တာဝန်ရှိသူများက လမ်းဘေးရှိကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်းထားရန် အမိန့်ပေးခဲ့ပြီး ၊ မုန်တိုင်းအရှိန်ကြောင့် ယင်းဆိုင်းဘုတ်များ အောက်သို့ ပြုတ်ကျကာ လူများအား ထိခိုက်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြို့ပတ်ရထားကိုလည်း ယာယီရပ်နားထားသည်။
ဂွန်နီမုန်တိုင်းသည် လူပေါင်း ၂၂ ဦးသေဆုံးပြီး အဆောက်အဦပေါင်းများစွာပျက်စီးခဲ့ရသည့် ယခုရက်သတ္တပတ်အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း Molave တိုက်ခတ်ခဲ့သည့် ဒေသများအနီးသို့ပင် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်ဖွန်းနှင့်အပူပိုင်းမုန်တိုင်းများသည် ဖိလစ်ပိုင်နိုင်ငံတွင် ဇွန်လမှ ဒီဇင်ဘာလအထိ နှစ်စဉ်ပုံမှန်တိုက်ခတ်လေ့ရှိပြီး ယင်းမုန်တိုင်းများကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရသလို ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာဘီလီယံချီ ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း Haiyan ကြောင့် လူပေါင်း ၆,၃၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံ၏ အဆိုးရွားဆုံးမုန်တိုင်းတစ်လုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်ငလျင်ကြောတွင်တည်ရှိနေပြီး မီးတောင်ပေါက်ကွဲခြင်း ၊ မကြာခဏငလျင်လှုပ်ခြင်း နှင့် ရေကြီးမှု နှင့် မြေပြိုမှုများ ဖြစ်ပေါ်စေတတ်သည့် ပျမ်းမျှ တစ်နှင်လျှင် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့် တိုက်ခတ်ခြင်းခံနေရသည့် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်အဆိုးရွားဆုံးခံစားရသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အထိ သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဖိလစ်ပိုင်ငွေ ပီဆို ၄၆၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၆ ဘီလီယံ) အထိရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံစာရင်းအင်းအာဏာပိုင်အဖွဲ့(PSA) ၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)