Connect with us

Eastern Europe

ရုရှားထုတ် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တူရကီက စမ်းသပ်မှု စတင်ပြုလုပ်

ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ် အစိတ်အပိုင်းများ လေယာဉ်ဖြင့် တူရကီနိုင်ငံသို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာ မြို့တော်၌နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်များတွင် ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန် ကာကွယ်ရေး ရေဒါစနစ်များကို စမ်းသပ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံ ကာကွယ်ရေးစစ်လက်နက်ထုတ်လုပ်မှုဌာန သတင်းအရင်းအမြစ်က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရေဒါစနစ်ကို စမ်းသပ်ရန် F-16 ဂျက်တိုက်လေယာဉ်များ နှင့် အခြားလေယာဉ်များက အမြင့်ပျံသန်းခြင်း နှင့်  အနိမ့်ပျံသန်းခြင်းများကို အန်ကာရာမြို့တော် ကောင်းကင်ပြင်၌ နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီအစိုးရက နိုဝင်ဘာ ၂၄ ရက်တွင်ကြေညာခဲ့သည်။

တူရကီနိုင်ငံသည် S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ဝယ်ယူရန် ၂၀၁၇ ခုနှစ် ဧပြီလတွင် ရုရှားနိုင်ငံနှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

ရုရှားနိုင်ငံမှ တူရကီနိုင်ငံသို့ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် အစိတ်အပိုင်းများ ပထမအသုတ်ပေးပို့ခြင်းကို ပြီးခဲ့သော ဇူလိုင်လတွင် ပြုလုပ်ခဲ့ပြီး ၎င်းတို့ကို အန်ကာရာမြို့ Murted လေတပ်အခြေစိုက်စခန်းတွင် တပ်ဆင်ခဲ့ကြောင်း သိရသည်။

S-400 သဘောတူညီချက် ပေါ်ပေါက်လာချိန်မှ စတင်ကာ အမေရိကန်နိုင်ငံ နှင့် တူရကီနိုင်ငံအကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး အဆိုပါ S-400 စနစ်သည် နေတိုး(NATO) ၏ ကာကွယ်ရေးစနစ်အတွင်းသို့ ထိုးဖောက်မွှေနှောက်သွားမည်ဖြစ်ကြောင်း နှင့် နေတိုး၏ လျှို့ဝှက် သတင်းအချက်များကို ရုရှားနိုင်ငံက ရရှိသွားမည်ဖြစ်ကြောင်း အမေရိကန်က စွပ်စွဲထားသည်။

တူရကီအနေဖြင့် ရုရှား၏ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရရှိအောင် လုပ်ဆောင်ခဲ့မှုကြောင့် အမေရိကန်က F-35 ဂျက်တိုက်လေယာဉ်များပေးပို့မှုကို ရပ်တန့်ခဲ့ကြောင်း သိရသည်။(Xinhua)