Connect with us

Europe

နော်ဝေတွင် ခွင့်ပြုကန့်သတ်ထားသော ဝေလငါးဖမ်းဆီးသည့်အရေအတွက်အား တိုးမြှင့်လိုက်သည့်အတွက် အငြင်းပွားဖွယ်ဖြစ်

ဝေလငါးဖမ်းဆီးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

အော်စလို၊ မတ် ၇ ရက် (ဆင်ဟွာ)

ယခုနှစ် နော်ဝေးတွင် ခွင့်ပြုကန့်သတ်ထားသော ဝေလငါး ဖမ်းဆီးနိုင်သည့်အကောင်အရေအတွက်အား ၁၂၇၈ ကောင် အထိ တိုးမြင့်လိုက်ကြောင်း ၊ ယခုလို တိုးမြှင့်လိုက်ခြင်းဖြင့် နော်ဝေး၏ဝေလငါးလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့ မျှော်လင့်ကြောင်း နော်ဝေးငါးလုပ်ငန်းရှင်ကြီး ဆန်ဘေ့ရှ်က ဆိုပါသည်။ ထို့အပြင် ၎င်းက နော်ဝေး၏ပင်လယ်ပိုင်နက်တွင် ဝေလငါးအကောင် ၁ သိန်းကျော်ရှိကြောင်း ၊ ယခုလိုတိုးမြှင့်လိုက်သည်မှာ လည်း အပြည်ပြည်ဆိုင်ရာဝေလငါးကော်မရှင်(IWC)၏သက်ဆိုင်ရာတွက်ချက်မှုများတွင် အခြေခံ၍ တိုးမြှင့်ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။

အပြည်ပြည်ဆိုင်ရာ ဝေလငါးကော်မရှင်(IWC)ကမူ ၁၉၈၆ ခုနှစ်တွင် တစ်ကမ္ဘာလုံး ဝေလငါးဖမ်းဆီးမှု တားမြစ်ရေး သဘောတူညီချက်ကို အတည်ပြုခဲ့ရာ သိပ္ပံသုတေသနလိုအပ်ချက်အရဖမ်းဆီးမှုမှအပ စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှုများအား တားမြစ်ထားပါသည်။ လက်ရှိ ဂျပန်က သိပ္ပံသုတေသနလုပ်ဆောင်သည်ဟု ခေါင်းစဉ်တပ်၍ ဝေလငါးများ ဖမ်းဆီးနေပြီး နော်ဝေနှင့် အိုက်စလန်ကတော့ ပေါ်ပေါ်ထင်ထင် စီးပွားဖြစ် ဝေလငါးဖမ်းမှုများ လုပ်ဆောင်နေသည်။ လွန်ခဲ့သောနှစ်များတွင် နော်ဝေ၏ဝေလငါးဖမ်းဆီးမှုအရေအတွက်က ဂျပန်နှင့် အိုက်စလန်၏ စုစုပေါင်းအရေအတွက်ထက် များနေသည်။

ဝေလငါးဖမ်းခြင်းက နော်ဝေ၏နှစ်ထောင်ချီရှိသော ရိုးရာဓလေ့ဖြစ်သည်။ နော်ဝေးက ၎င်းပင်လယ်ပိုင်နက်ရှိ ဝေလငါးအရေအတွက်မှာ မျိုးသုန်းဖွယ်အနေအထားမရှိဟု အကြိမ်ပေါင်းများစွာ ထုတ်ဖော်ပြောကြား သော်လည်း နိုင်ငံတကာ လူမှုအဖွဲ့အစည်း၏ ဝေဖန်ပြောဆိုမှုများ၊ တိုက်ခိုက်ဆန့်ကျင်မှုများကို ခံနေရပါသည်။ ယမန်နှစ် ၉ လပိုင်းတွင် ဥရောပပါလီမန်က တစ်ကမ္ဘာလုံး ဝေလငါးဖမ်းဆီးမှု တားမြစ်ရေး သဘောတူညီချက် ထုတ်ပြန်ပြီးနောက် နော်ဝေ၏ဖမ်းဆီးသတ်ဖြတ်ထားသော ဝေလငါးအကောင်အရေအတွက်မှာ ၁၃,၀၀၀ ရှိပြီ ဖြစ်ကြောင်း ၊ စီးပွားဖြစ်ဝေလငါးဖမ်းမှုအားလုံးရပ်တန့်ရန် ၊ အီးယူအဖွဲ့ဝင်နိုင်ငံ ဆိပ်ကမ်းများတွင် ဝေလငါး သယ်ဆောင်မှုများမပြုရန်တိုက်တွန်းထားသည်။ (Xinhua)