Connect with us

Europe

ဗြိတိန်တောင်ပိုင်းတွင် သံသယဖြစ်ဖွယ် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၂၃၃ဦး ဆေးရုံတင်ရ

သံသယဖြစ်ဖွယ် ဓါတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့သည့် Birling Gap ကမ်းခြေအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ တောင်ပိုင်း ကျန်းမာရေးတာဝန်ရှိသူများက ဗြိတိန်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်းတစ်လျှောက်တွင် သြဂုတ် ၂၇ ရက် အစောပိုင်းက သံသယဖြစ်ဖွယ် ဓါတ်ငွေ့ယိုစိမ့်မှု တစ်ခုဖြစ်ပွားရာ လူ ၂၃၃ဦးကို ဆေးရုံ၌ ဆေးကုသပေးထားကြောင်း သြဂုတ် ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတောင်ပိုင်း အရှေ့ဆက်ဆတ်ဇ်စီရင်စု ရှိ ကမ်းခြေတစ်ခု တွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ရွှေ့ပြောင်းကယ်ဆယ်ရေးများ လုပ်ဆောင်ပြီးနောက် တာဝန်ရှိသူများက သြဂုတ် ၂၇ ရက် ညတွင် အတည်ပြုချက်ပေးခဲ့ကြောင်း သိရသည်။သြဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် Birling Gap ကမ်းခြေ၌ မြူခိုးငွေ့တန်းတစ်ခုထွက်ပေါ်လာပြီးနောက် လူ ၅၀ခန့်သည် ကိုယ်လက်နာကျင်ခြင်း၊ မျက်လုံးများ ပူစပ်လာခြင်း နှင့် အသက်ရှူရန်ခက်ခဲခြင်း စသည့် လက္ခဏာများကို ခံစားရကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ဆက်ဆတ်ဇ်ရဲတပ်ဖွဲ့ က အရှေ့ဆက်ဆတ်ဇ် ကမ်းရိုးတန်းတွင် အမျိုးအမည်မသိ မြူခိုးငွေ့များ ပင်လယ်ထဲမှ ထွက်ပေါ်လာကြောင်း ပြောကြားခဲ့သည်။ကမ်းခြေအနီးပတ်ဝန်းကျင်ရှိ လမ်းမများကို ပိတ်ထားခဲ့ပြီး အဆိုပါဧရိယာအား ရှောင်ရှားကြရန် အများပြည်သူအား သတိပေးထားကြောင်း သိရသည်။ဓါတုမြူခိုးငွေ့များထွက်ပေါ်လာပြီးနောက် အရှေ့ဆက်ဆတ်ဇ် ကမ်းရိုးတန်း အနီးရှိ ပြည်သူများအနေဖြင့် ကမ်းခြေ၏ အဝေးတွင် နေထိုင်ကြရန် နှင့် နေအိမ်ပြတင်းပေါက်များအား ပိတ်ထားရန် သတိပေးခဲ့ကြောင်း သိရသည်။ဆက်ဆတ်ဇ် စီရင်စုသည် တောင်ပိုင်ကမ်းရိုးတန်းပေါ်၌ မဟာဗျူဟာကျကျတည်ရှိနေပြီး ဗြိတိန်နိုင်ငံ၏ ဆက်သွယ်ရေး နှင့် ကာကွယ်ရေးနှစ်ခုစလုံးအတွက် အဓိကကျသော အခန်းကဏ္ဍတွင်ပါဝင်ကြောင်း သိရသည်။ (Xinhua)