Connect with us

Europe

ရွေးကောက်ပွဲမတိုင်မီ ပူတင်နှင့်တွေ့ဆုံဆွေးနွေးချင်ဟု ထရမ့် ဆို၊ အမေရိကန်-ရုရှား လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် သက်တမ်းတိုးရန် အခွင့်အလမ်းများ ရှိလာပြီလား 

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်အား ၂၀၁၈ ခုနှစ် ဇူလိုင် ၁၆ ရက် က ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတူတကွ တွေ့ရစဉ် (ဆင်ဟွာ)

 ဗီယင်နာ၊ ဩဂုတ် ၂၀ ရက်(ဆင်ဟွာ)

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် အသစ်တစ်ဖန် ကျင်းပခဲ့သည့် အမေရိကန်-ရုရှား နှစ်နိုင်ငံ လက်နက်ထိန်းချုပ်ရေး တွေ့ဆုံဆွေးနွေးပွဲသည် ဩဂုတ် ၁၈ ရက် ညနေပိုင်းတွင် တိုးတက်မှုတစ်စုံတစ်ရာမရှိဘဲ ပြီးဆုံးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော တစ်ခုတည်းသော လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် ဖြစ်သည့် New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးသဘောတူညီချက် သက်တမ်းတိုးရေးအတွက် သိသာထင်ရှားသော တိုးတက်မှုများ မရရှိခဲ့ခြင်းဖြစ်သည်။ 

သုံးသပ်လေ့လာသူများက တွေ့ဆုံဆွေးနွေးမှုတွင် အောင်မြင်မှုရလဒ်မရှိသော်လည်း အမေရိကန် သမ္မတ ထရမ့်က ရုရှား သမ္မတ ပူတင်နှင့် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံရန် မျှော်လင့်သည်ဟူသော ပြောကြားချက်ကြောင့် New STARTသဘောတူညီချက် သက်တမ်းတိုးရေးအတွက် အားရဖွယ်မရှိနိုင်ဟူသော အမြင်များ ပြောင်းလဲလာစေကြောင်း ဆိုသည်။ 

New STARTသက်တမ်းတိုးရန် ဆွေးနွေးရာ၌ တိုးတက်မှုရလဒ်မရှိသေး

တချို့အကြောင်းအရာများတွင် သဘောတူညီချက်ရခဲ့သော်လည်း အရေးကြီးသည့် အကြောင်းအရာများတွင် ကွဲလွဲမှုများ ရှိနေသေးကြောင်း အမေရိကန် လက်နက်ထိန်းချုပ်ရေး အထူးကိုယ်စားလှယ် Marshall Billingslea က ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။  “အနှစ်သာရရှိပြီးလေးနက်တဲ့ တွေ့ဆုံဆွေးနွေးမှုပါ”၊ သို့သော်လည်း “ရွေးချယ်ခွင့် ဘောလုံးက ရုရှားလက်ထဲတွင်ရှိတယ်”ဟု Marshall Billingsleaက ၎င်း၏ လူမှုကွန်ရက်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ 

ရုရှားနိုင်ငံခြားရေး ဒုတိယဝန်ကြီး Sergei Ryabkov က ဆွေးနွေးမှုက ပြောင်းလဲမှုရှိနိုင်သေးရာ စာချုပ်သက်တမ်းတိုးရန် ဖြစ်နိုင်ခြေရှိသေးကြောင်း ၊ သို့သော် အမေရိကန် အနေဖြင့် သဘောတူရန် တွေဝေနေပြီး မည်သို့လုပ်ဆောင်ရမည်ဆိုသည့်အပေါ် ပို၍ အာရုံများနေကြောင်း ဆိုသည်။ 

အမေရိကန်-ရုရှား နှစ်နိုင်ငံအကြား ၂၀၁၀ ခုနှစ်က ချုပ်ဆိုထားသည့် New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်သည် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ အဆိုပါစာချုပ်သည် အမေရိကန်-ရုရှား နှစ်နိုင်ငံ ၏ နျူကလီးယားထိပ်ဖူးနှင့်တိုက်ချင်းပစ် ဒုံးကျည်ဖြန့်ကျက်ထားမှုအရေအတွက်ကို ထိန်းချုပ်ရန် ရည်ရွယ်ကြောင်း သိရသည်။ 

အမေရိကန်-ရုရှား တာလတ်ပစ် နျူကလီးယား သဘောတူညီချက်(INF) သည် ၂၀၁၉ ခုနှစ်တွင် အဆုံးသတ်သွားပြီးနောက်ပိုင်း New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး သဘောတူညီချက်သည် နှစ်နိုင်ငံအကြားတွင် တည်ရှိသည့် တစ်ခုတည်းသော လက်နက်ထိန်းချုပ်ရေး စာချုပ်ဖြစ်လာသည်။ ရုရှားအနေဖြင့် အခြားအကြိုညှိနှိုင်းကန့်သတ်ချက်မပါဘဲ ယင်းစာချုပ်ကို သက်တမ်းတိုးရန် ဆန္ဒရှိကြောင်း ကြိမ်ဖန်များစွာ ပြောကြားခဲ့သော်လည်း အမေရိကန်ဘက်က တုန့်ပြန်မှုသည် အေးစက်စက်နိုင်ခဲ့သည်။

အဆိုပါ New START သဘောတူညီမှု စာချုပ် သက်တမ်းတိုးရေး ဆွေးနွေးမှုကို အမေရိကန်-ရုရှား နှစ်နိုင်ငံ ကိုယ်စားလှယ်များက ယခုနှစ် ဇွန်လ ၂၂ ရက်က ဗီယင်နာမြို့၌ ကျင်းပခဲ့ပြီး မဟာဗျူဟာ ဆွေးနွေးမှုကို ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပခဲ့ရာ  တွေ့ဆုံဆွေးနွေးမှုရလဒ်သည် အကန့်အသတ်ရှိကြောင်း သိရသည်။

နိုင်ငံတကာ လက်နက်လျှော့ချရေးဆိုင်ရာပညာရှင်များက ရုရှားနှင့် လက်နက်ထိန်းချုပ်ရေးတွေ့ဆုံဆွေးနွေးရန် အမေရိကန် သဘောတူလက်ခံခြင်းသည် နိုင်ငံတကာ အသိုက်အဝန်း ဖိအားကြောင့် မဖြစ်မနေဆောင်ရွက်ရသည့်အနေအထားတွင်ရှိနေပြီး ယင်းမှာ စေ့စပ်ဆွေးနွေးလိုသည့် စိတ်ရင်းမရှိဟု ဆိုကြသည်။ 

အပြောင်းအလဲဖြစ်ရန် အရိပ်အယောင်လား

အမေရိကန်၏ အေးစက်စက်နိုင်သည့် တုန့်ပြန်မှုများကြောင့် နိုင်ငံတကာအသိုက်အဝန်းကလည်း ယခု အမေရိကန်-ရုရှား တွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်များစွာ မထားကြပေ။ သို့သော် ထရမ့်က ဩဂုတ် ၁၆ ရက်တွင် “အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်မီ ပူတင်နဲ့တွေ့ဆုံလိုတယ်”ဟု ရုတ်တရက် ပြောကြားခဲ့သောကြောင့် အားလုံး၏အာရုံစိုက်မှုက ပြန်လည်မြင့်တက်လာခဲ့သည်။ 

ယခုအကြိမ်ဆွေးနွေးမှုတွင် သိသာထင်ရှားသည့် တိုးတက်မှုမရှိသော်လည်း Marshall Billingslea၏ ဆွေးနွေးပွဲအပြီးပြောကြားချက်အရ New START သဘောတူညီချက်တွင် အားနည်းချက်များရှိနေသည်ဟု အမေရိကန်အနေဖြင့် ယူဆသော်လည်း နှစ်နိုင်ငံ ခန့်မှန်းထားသည့် အပြန်အလှန်ဖလှယ်မှုကောင်း လုပ်နိုင်မည်ဆိုပါက ထရမ့်နှင့်ပူတင်တွေ့ဆုံမှု၏ အဓိကကျသည့် အချင်းအရာ ဖြစ်လာနိုင်သည်။ Marshall Billingslea ကလည်း အမေရိကန်-ရုရှား ယခုအကြိမ်တွေ့ဆုံမှုတွင် အရေးကြီးသည့် အကြောင်းအရာအချို့ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

သုံးသပ်လေ့လာသူများက New STARTသဘောတူညီချက် သက်တမ်းတိုးနိုင်မည်ဆိုလျှင် အမေရိကန်-ရုရှား ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အကျိုးဖြစ်ထွန်းမည်ဖြစ်သလို အမေရိကန်နှင့်ဥရောပနိုင်ငံများအကြား ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ရာတွင်လည်း အထောက်အပံ့ဖြစ်စေမည်ဟု ဆိုသည်။ သံတမန်ဆက်ဆံရေး၏ကြီးမားသည့်ရလဒ်အနေဖြင့် စာချုပ်သက်တမ်းတိုးခြင်းသည် ထရမ့်၏ရွေးကောက်ပွဲယှဉ်ပြိုင်ရာ၌ တွန်းအားဖြစ်ကောင်းဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ထရမ့်နှင့်Marshall Billingslea ၏သဘောထားကို ကြည့်ပါက ပူတင်နှင့်တွေ့ဆုံရန် New STARTသဘောတူညီချက် သက်တမ်းတိုးရန် ဖြစ်နိုင်ကြောင်း ဆိုသည်။

သို့သော် အမေရိကန်နိုင်ငံတွင် New STARTသဘောတူညီချက်သက်တမ်းတိုးရန် ဆန့်ကျင်သည့်အသံများ များစွာထွက်ပေါ်နေသလို ထရမ့်နှင့်ပူတင်တွေ့ဆုံမည်ကို ဆန့်ကျင်သည့်အသံကလည်း များစွာရှိနေသည်။ ထရမ့်အနေဖြင့် ပူတင်နှင့် တွေ့ဆုံနိုင်မှုရှိမရှိ  သဘောတူညီချက် သက်တမ်းတိုးမှုမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှု ပြုနိုင်မပြုနိုင်ဆိုသည်မှာ မသေချာသည့် အကြောင်းအရင်း များစွာ ရှိနေပါသေးသည်။ မည်သို့ပင်ဆိုစေကာမူ မူလက အလားအလာ မှေးမှိန်နေသည့် New STARTသဘောတူညီချက်သက်တမ်းတိုးရေးသည် လက်ရှိတွင် မျှော်လင့်ချက်အလင်းရောင်ခြည်သန်းလာပြီဟု ဆိုရမည်သာဖြစ်ပေသည်။(Xinhua)