Connect with us

Europe

ဟန်ဂေရီမှ နယ်စပ်ကို ပိတ်လိုက်ပြီး နောက်ပိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူ ၁,၀၀၀ ကျော် ခရိုအေးရှားသို့ ဝင်ရောက်

ဟန်ဂေရီ ရဲတပ်ဖွဲ့မှ ဟန်ဂရီနှင့် ဆားဘီးယား တောင်ပိုင်းနယ်စပ်ရှိ ဘလိတ်ဆူး ဝါယာ ခြံစည်းရိုးများအား ပြန်လည် ပြုပြင်ခြင်းနှင့် ကြံ့ခိုင်ရေး အတွက် လုပ်ဆောင်နေကြစဉ် (ဆင်ဟွာ)

ဇာဂရတ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရွှေ့ပြောင်း နေထိုင်သူ ဦးရေ ၁,၀၀၀ကျော် ခရိုအေးရှားသို့ ဝင်ရောက်လာပြီးနောက် ခရိုအေးရှားသည် ထောင်ပေါင်းများစွာသော ရွေ့ပြောင်း သွားလာသူ အရေးကို မကိုင်တွယ်နိုင်ကြောင်း ခရိုအေးရှား နိုင်ငံခြားရေး ဝန်ကြီး ဗက်စ်နာ ပူစစ် က ပြောကြားခဲ့သည်။

ခရိုအေးရှားသည် ထောင်ဂဏန်းသော ရွေ့ပြောင်း နေထိုင်သူ အရေးကို ကိုင်တွယ်နိုင်သော်လည်း ထောင်ပေါင်းများစွာသော ရွေ့ပြောင်းသူ အရေးကို မကိုယ်တွယ်နိုင်ကြောင်း နှင့် မကိုင်တွယ်နိုင်သည့် အကြောင်းအရင်းမှာ ပမာဏ များပြားလှသော ရွေ့ပြောင်းသူများ အတွက် ခရိုအေးရှားတွင် နေရာ မလုံလောက်သောကြောင့် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြား ခဲ့သည်။

ပူစစ်၏ ပြောကြားချက်အရ ခရိုအေးရှားသည် ရွေ့ပြောင်းသူ အရေးနှင့် ပတ်သက်၍ အကူအညီ ပေးရန်အတွက် အခြားနိုင်ငံများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုအေးရှား ပြည်ထဲရေး ဝန်ကြီး ရန်ကို အိုစတိုဂျစ်မှလည်း ခရိုအေးရှားသည် ဗုဒ္ဓဟူးနေ့က ပထမဦးဆုံး အဖြစ် ရောက်ရှိလာသော ဒုက္ခသည် ၁,၅၀၀ ဝန်းကျင်ခန့်ကို လက်ခံရန် အဆင်သင့် ဖြစ်နေကြောင်း ပြောကြား ခဲ့သည်။

ခရိုအေးရှား အစိုးရအဖွဲ့သည် ရွေ့ပြောင်းသူအရေးနှင့် ပတ်သက်သည့် အလုပ်အဖွဲ့ကို ဖွဲ့စည်းမည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ထိုအလုပ်အဖွဲ့ကို ပြည်ထဲရေး ဝန်ကြီး ရန်ကို အိုစတိုဂျစ်က ဦးဆောင်မည်ဖြစ်ပြီး လူမှုဖူလုံရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ နှင့် ပြည်နယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေး ဌာနမှ ဒါရိုက်တာများ ပါဝင်မည် ဖြစ်ကြောင်း အစိုးရ ပြောရေး ဆိုခွင့်ရှိသူ နီကိုလာ ဂျယ်လစ်မှ ပြောကြားခဲ့သည်။

တနင်္လာနေ့နှင့် အင်္ဂါနေ့များ၌ ဟန်ဂေရီမှ ၎င်းတို့၏ နယ်စပ်ကို ပိတ်လိုက်ပြီးနောက် ဒုက္ခသည်များသည် အနောက် ဥရောပနိုင်ငံများသို့ ဆားဘီးယားနှင့် ခရိုအေးရှားတို့မှတစ်ဆင့် ဝင်ရောက်ရန် ကြိုးစားလာ ကြသည်။

ဟန်ဂေရီ အဓိကရုဏ်း ဖြိုခွင်းရေး ရဲတပ်ဖွဲ့သည် ဆာဘီးယား နယ်စပ်မှ တစ်ဆင့် ဟန်ဂေရီ နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ဆန္ဒပြသည့် ရွှေ့ပြောင်း သူများကို မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြုကာ တားဆီးခဲ့ကြောင်း သိရသည်။ (Xinhua)