Connect with us

Europe

အမေရိကန်သွင်းကုန်အချို့ကို ဇွန် ၂၂ ရက်မှစပြီး အခွန်တိုးကောက်မည်ဟု အီးယူက ဆို

ဥရောပကုန်သွယ်ရေးကော်မရှင်အဖွဲ့ဝင် Cecilia Malmstrom အား သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဘရပ်ဆဲလ် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်က သံမဏိအလူမီနီယံတွေကို အခွန်တိုးကောက်လိုက်သည့်အပေါ် တုန့်ပြန်သည့် အနေဖြင့် အီးယူက ယခုလ ၂၂ ရက်ကစပြီး အမေရိကန်မှတင်သွင်းသော ယူရိုတန်ဖိုးငွေ ၂.၈ ဘီလီယံရှိသော ကုန်ပစ္စည်းများကို အခွန်တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယခုအခွန်တိုးမြှင့်ကောက်ခံသည့် ကုန်ပစ္စည်းများတွင် အမေရိကန်နိုင်ငံ၏ သံမဏိအလူမီနီယံ ထုတ်ကုန်ပစ္စည်း ၊ လယ်ယာထွက်ကုန်ပစ္စည်းစသည်တို့ပါဝင်ကြောင်း ၊ အီးယူ၏ယခုကဲ့သို့ လုပ်ဆောင်မှုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း၏စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီကြောင်း ဥရောပကော်မရှင်က ပြောကြားခဲ့သည်။

“အမေရိကန်ရဲ့ တစ်ဖက်သတ်၊မညီမျှတဲ့ ဆုံးဖြတ်ချက်တွေက အီးယူကို အခြားရွေးချယ်စရာ မရှိအောင် ဖြစ်စေတယ်” လို့ ဥရောပကုန်သွယ်ရေးကော်မရှင်အဖွဲ့ဝင် Cecilia Malmstromက ဆိုသည်။

ဇွန်လ ၁ ရက်ကစပြီး အီးယူ၊ကနေဒါ၊ မက္ကဆီကိုမှတင်သွင်းသော သံမဏိနှင့်အလူမီနီယံ အခွန်ကို ၂၅ ရာခိုင်နှုန်း နှင့် ၁၀ ရာခိုင်နှုန်း အသီးသီးကောက်ခံမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ စီးပွားရေးဝန်ကြီး ဝယ်လ်ဘာရို့စ် (Wilbur Ross)က မေ ၃၁ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

အမေရိကန်၏သံမဏိအလူမီနီယံအခွန်စည်းကြပ်မှုက ယူရိုတန်ဖိုးငွေ ၆.၄ဘီလီယံတန်ဖိုးရှိ ဥရောပ ပို့ကုန်ပစ္စည်းများကို ထိခိုက်နစ်နာစေကြောင်း အီးယူ၏တွက်ချက်မှုများအရ သိရသည်။ ကုန်သွယ်ရေးညီမျှမှုဖြစ်စေရန် အီယူကလည်း ယူရိုတန်ဖိုးငွေ ၂.၈ ဘီလီယံရှိ အမေရိကန် ကုန်ပစ္စည်း များကို အခွန်တိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသည့် ယူရိုငွေ ၃.၆ ဘီလီယံကို ကုန်သွယ် ရေးညီမျှအောင် ဆောင်ရွက်မည့်နည်းလမ်းများကိုမူ နောက်ပိုင်းတွင် အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.