Connect with us

Europe

အမေရိကန်၏ ကြိမ်ဖန်များစွာ ပိတ်ဆို့အရေးယူမှုများကို  ဥရောပသမဂ္ဂက အလေးထားစောင့်ကြည့်နေဟုဆို 

ဥရောပသမဂ္ဂ နိုင်ငံခြားဆက်ဆံရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrellအား တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

အမေရိကန်အနေဖြင့် ဥရောပကုမ္ပဏီလုပ်ငန်းများအပေါ် ပိတ်ဆို့မှုများ ပိုမိုလုပ်ဆောင်လာခြင်း သို့မဟုတ် ပိတ်ဆို့မည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်လာခြင်းအပေါ် အထူးအလေးထားစောင့်ကြည့်နေကြောင်း၊ ၎င်းမှာ ဥရောပတိုက်၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟု ယူဆကြောင်း ဥရောပသမဂ္ဂ နိုင်ငံခြားဆက်ဆံရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Josep Borrellက ဇူလိုင် ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

အီရန်၊ ကျူးဘား၊နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) စသည့် အရေးကိစ္စများနှင့်အတူ ယခု Nord Stream 2 သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်TurkStream စီမံကိန်းများတွင် အမေရိကန်၏အထက်ပါလုပ်ဆောင်မှုမျိုးများကို တွေ့နေရကြောင်း Josep Borrell၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပ၏မူဝါဒကို ဥရောပကသာ ဆုံးဖြတ်ရမည်ဖြစ်ပြီး တတိယနိုင်ငံက အဆုံးအဖြတ်ပေးရမည် မဟုတ်ကြောင်း၊  ဥရောပသမဂ္ဂအနေဖြင့် တရားဝင်လည်ပတ်ဆောင်ရွက်နေသည့် ဥရောပကုမ္ပဏီလုပ်ငန်းများအပေါ် တတိယနိုင်ငံက ပိတ်ဆို့ခြင်းအား ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဒေသပြင်ပပိတ်ဆို့အရေးယူသည့် ယင်းလုပ်ရပ်မျိုးသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း Josep Borrellက ဆိုသည်။

ဥရောပသမဂ္ဂသည် တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုသော်လည်း ပိတ်ဆို့မည်ဟူသော ခြိမ်းခြောက်မှုမျိုးတွင် တွေ့ဆုံဆွေးနွေးမည်မဟုတ်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

Nord Stream 2 နှင့် TurkStream စီမံကိန်းတွင် ပါဝင်သူများအား ပိတ်ဆို့အရေးယူမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ဇူလိုင် ၁၅ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းနှစ်ခုအပေါ် အမေရိကန်အစိုးရ၏ ခြိမ်းခြောက်ပြောဆိုမှုသည် တစ်ကြိမ်မက ရှိနေခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maasက  အမေရိကန်၏ Nord Stream 2စီမံကိန်းအပေါ် ခြိမ်းခြောက်မှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် ဥရောပ၏ စွမ်းအင်မူဝါဒကို ဥရောပက သတ်မှတ်ရမည်ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက်က တုံ့ပြန်ပြောကြားခဲ့သည်။ အမေရိကန်၏ ပိတ်ဆို့မှု ရည်ရွယ်ချက်အမှန်သည် ဥရောပသို့ အမေရိကန်သဘာဝဓါတ်ငွေ့ ပို့ဆောင်ရန် တွန်းအားပြုလိုခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံ ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။ (Xinhua)