Connect with us

Europe

UK က ဟောင်ကောင်နှင့် ပြစ်မှုကျူးလွန်သူ ပြန်လည်လွှဲပြောင်းရေးသဘောတူညီချက်အား ရပ်ဆိုင်းလိုက်ခြင်းအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာ ကန့်ကွက်  

တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဟောင်ကောင်ကျွန်း အား ဇူလိုင် ၁၄ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ)

ယူကေ(UK) က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့် ထားရှိခဲ့သော ပြစ်မှုကျူးလွန်သူ ပြန်လည်လွှဲပြောင်းရေး သဘောတူညီချက်အား ချက်ချင်း နှင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်း နှင့် ဟောင်ကောင်သို့ လက်နက်တင်ပို့ရောင်းချမှု ကန့်သတ်ချက်အား ထပ်တိုးလိုက်ခြင်းအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာရှုတ်ချကြောင်း နှင့် ခိုင်ခိုင်မာမာ ကန့်ကွက်ကြောင်း ဇူလိုင် ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ရန် ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေအပေါ် မှားယွင်းသော မှတ်ချက်ပြုမှုများကို အင်္ဂလန်နိုင်ငံက ကြိမ်ဖန်များစွာ ထပ်တလဲလဲ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ တရုတ်နိုင်ငံဘက်က စိုးရိမ်ပူပန်မှုနဲ့ UK အပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချမှုကို ကြိမ်ဖန်များစွာထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်” ဟု ‌ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။“ အခု ယူကေ(UK)ဘက်က ပြောဆိုနေတာတွေဟာ တရုတ်နိုင်ငံရဲ့ ခိုင်မာစွာတည်ရှိမှုနဲ့ ကိုယ်စားပြုမှုကို မှားယွင်းတဲ့ နည်းလုံးတွေသုံးပြီး သိက္ခာကျအောင် လုပ်ဆောင်နေတာပဲဖြစ်ပါတယ် ၊ နောက်တစ်ခုက နိုင်ငံတကာဥပဒေနဲ့ နိုင်ငံတကာဆက်ဆံရေးအခြေခံစည်းမျဉ်းစည်းကမ်းတွေကိုလည်း  ထပ်ပြီးချိုးဖောက်နေတာပါ ။ဟောင်ကောင်ဆိုင်ရာ အမျိုးသားလုံခြုံရေးဥပဒေကို အကောင်အထည်ဖော်ရာမှာ အငြင်းပွားမှုဖြစ်အောင် ယူကေက ကြိုးပမ်းနေပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဆိုးဆိုးရွားရွား ဝင်ရောက်စွက်ဖက်နေသလို ဟောင်ကောင်ရဲ့ အကျိုးဖြစ်ထွန်းမှုနဲ့ တည်ငြိမ်မှုကို အားအင်ချိနဲ့အောင်လုပ်ဆောင်နေခြင်းဖြစ်ပါတယ် ” ဟု ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ကျွန်းပေါ်ရှိ နာမည်ကျော် Wan Chai ရပ်ကွက်အား ဇူလိုင် ၁၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံအစိုးရအနေဖြင့် ယင်း၏ အချုပ်အခြာအာဏာ ၊  လုံခြုံရေး နှင့် ဖွံ့ဖြိုးရေး အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းသွားရန်အတွက် ဥပဒေပြဌာန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့ ဘယ်အပြုအမူမျိုးကိုမဆို ပြန်လည်တိုက်ခိုက်သွားမှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးဥပဒေသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အဆင်ပြေချောမွေ့စေရန် နှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ကျောက်ဆူးတစ်ချောင်းဖြစ်ကြောင်း နှင့် ဟောင်ကောင်(HKSAR)တွင် ရေရှည်လုံခြုံရေး ၊ ချမ်းသာကြွယ်ဝရေး နှင့် တည်ငြိမ်အေးချမ်းရေး ရရှိစေရန်အတွက် ဖြစ်ကြောင်း  ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ ဒီဥပဒေက ဟောင်ကောင်ကို ဘေးကင်းလုံခြုံဖို့ ၊ ပိုမိုကောင်းမွန်ဖို့နဲ့ ပိုမိုချမ်းသာကြွယ်ဝဖို့ လုပ်ဆောင်ပေးပါလိမ့်မယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ “ တရုတ်နိုင်ငံကို ဖိအားပေးဖို့ ဘယ်လိုကြိုးပမ်းမှုမျိုးမဆို ၊ ဒီဥပဒေ အကောင်အထည်ဖော်မှုအပေါ် ဘယ်လို ဟန့်တားမှုမျိုးမဆို ဟောင်ကောင် ဒေသခံတွေအပါအဝင် တရုတ်ပြည်သူ ၁ ဒသမ ၄ ဘီလီယံရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်ကန့်ကွက်မှုနဲ့ ကြုံတွေ့သွားမှာပါ ၊ အဲဒီလို ကြိုးပမ်းအားထုတ်မှုတွေဟာလည်း အရှုံးနဲ့ပဲ အဆုံးသတ်သွားရပါလိမ့်မယ် ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)