Connect with us

Europe

ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီး မီတာ ၁ဝဝ ပွဲစဉ်တွင် အမေရိကန်အပြေးမယ် Tori Bowie ဗိုလ်စွဲ

လန်ဒန် ကမ္ဘာ့ ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီး မီတာ ၁ဝဝ ပြေးပြိုင်ပွဲတွင် ရှေ့ ဆုံးမှ ပန်းဝင်လာသော အမေရိကန်အပြေးမယ် Tori Bowie(ဝဲ) အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

သြဂုတ်လ ၇ ရက်က ယှဉ်ပြိုင်ခဲ့သော ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲ အမျိုးသမီးမီတာ ၁ဝဝ ပွဲစဉ်တွင် အိုလံပစ်ငွေတံဆိပ်ဆုရှင် အမေရိကန်အပြေးသမား Tori Bowie က ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ်ရှိ အမေရိကန်အပြေးမယ်က ၁ဝ.၈၅ စက္ကန့်ဖြစ် ပန်းဝင်၍ ရွှေတံဆိပ်ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ယင်းပွဲစဉ်တွင် အိုင်ဗရီကိုစ့်နိုင်ငံသူ Marie-Josee Ta Lou က ၁ဝ.၈၆ စက္ကန့်ဖြစ် ငွေတံဆိပ် နှင့် ဒတ်ချ် နိုင်ငံသူ Dafne Schippers က ၁ဝ.၉၆ စက္ကန့်ဖြစ် ကြေးတံဆိပ် အသီးသီးဆွတ်ခူးခဲ့ကြောင်း သိရသည်။“ ဒိုင်ဗင်ထိုးပစ်ဝင်ပြီး ပန်းဝင်ရတာကတော့ ကျွန်မအတွက် သိပ်မကောင်းပါဘူး။ ဒါပေမယ့် အရင်ကလည်း အဲဒီလိုနည်းနဲ့ပဲ ချန်ပီယံ ဖြစ်ခဲ့တယ်။ နောက်ဆုံးပန်းဝင်တဲ့အချိန်ထိ ဘယ်တော့မှ လက်မလျှော့ပါဘူး” ဟူ၍ Tori Bowie က ဆိုသည်။ ထို့ပြင် ၎င်းက “ ကျွန်မမှာ ဒဏ်ရာ နည်းနည်းရှိတယ်။ ဒါပေမယ့် မီတာ ၂ဝဝ ပြိုင်ပွဲအတွက် ကျွန်မ အဆင်သင့် ပါပဲ။ ဘာပဲ လာလာ မကြောက်ပါဘူး” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ငွေတံဆိပ်ဆုရှင် Lou က “ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ထိပ်တန်း သုံးယောက်စာရင်းဝင်မယ်လို့မမျှော်လင့်ထားပါဘူး။ ဘာကြောင့်လဲဆိုတော့ အပြေးမယ် အားလုံးက စင်ပေါ်တက်ဖို့စွမ်းအားရှိကြတယ်၊ အရည်အသွေးရှိကြတယ် ” ဟု ပြောကြားခဲ့သည်။ယခုပြိုင်ပွဲတွင် ဗိုလ်စွဲမည်ဟု ရေပန်းစားနေသည့် အိုလံပစ်ချန်ပီယံ ဂျမေကာနိုင်ငံသူ Elaine Thompson က ၁ဝ.၉၈ စက္ကန့်ဖြစ် အဆင့် ၅ နေရာမှ ပန်းဝင်ခဲ့ကြောင်း သိရသည်။(Xinhua)