Connect with us

Europe

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တွေ့ဆုံဆွေးနွေး 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegiတို့အား တွေ့ရစဉ် (ဆင်ဟွာ)

မြူးနစ်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည်  ဂျာမနီနိုင်ငံ၌ ကျင်းပလျက်ရှိသော ၅၆ ကြိမ်မြောက် မြူးနစ်လုံခြုံရေးအစည်းအဝေးတက်ရောက်စဉ်ကာလအတွင်း ဖေဖော်ဝါရီ ၁၅ ရက်တွင် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ၏ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် ဂျပန်နိုင်ငံက နားလည်မှုနှင့်အားပေးထောက်ခံမှုများပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဦးစွာပထမ ပြောကြားခဲ့သည်။ယခုကာလများတွင် ဂျပန်ပြည်သူများက တရုတ်နိုင်ငံအား လက်ကမ်းကူညီရိုင်းပင်းမှုများသည် တရုတ်အွန်လိုင်း စာမျက်နှာတိုင်းတွင် တွေ့မြင်ရရာ ရေပြင်ချင်းဆက်နွယ်နေသည့် အိမ်နီးချင်းနိုင်ငံ၏ ချစ်ကြည်ရေးနှင့် နွေးထွေးမှုကို ရရှိခဲ့ကြောင်း၊ ဘေးအန္တရာယ်ရှိချိန်တွင် မိမိတစ်ဦးတစ်ဖက်အကျိုးအမြတ်အတွက် သူတစ်ပါးကို ဒုက္ခပေးခြင်း၊ မဆိုင်သလို လက်ပိုက်ကြည့်နေခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်ကြောင်း၊ တရုတ်-ဂျပန်နှစ်နိုင်ငံသည် ရောဂါကပ်ဘေးကျရောက်ချိန်တွင် အပြန်အလှန်အားပေးထောက်ခံကြရာ အရှေ့တိုင်းနိုင်ငံများ၏ အပြန်အလှန်ရိုင်းပင်းကူညီကြသော မွန်မြတ်သည့် ဓလေ့အစဉ်အလာကို ပြသခဲ့ကြကြောင်း ၊ ထို့အတွက်ကြောင့်လည်း  နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရေးသည် ပို၍ ထပ်တိုး နက်ရှိုင်းလာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် အခြားဘက်ပေါင်းစုံ၏ အတူတကွကြိုးပမ်းအားထုတ်မှုကြောင့် ရောဂါတိုက်ဖျက်ရေးသည် လျှင်မြန်စွာ အောင်မြင်လာမည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ရောဂါဖြစ်ပွားမှုအခြေအနေကြောင့် တရုတ်နိုင်ငံစီးပွားရေးအပေါ် သက်ရောက်မှုအချို့ရှိခဲ့သော်လည်း တရုတ်နိုင်ငံအနေဖြင့် ထိုဆုံးရှုံးနစ်နာမှုများကို ပြန်လည်ဖြည့်တင်းဆောင်ရွက်နိုင်သလို တရုတ်နိုင်ငံ၏ယခုနှစ်ရည်မှန်းချက်ဖြစ်သည့် ဘက်စုံ အတော်အသင့်သာယာဝပျောသည့် လူမှုအသိုက်အဝန်းတည်ဆောက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လွတ်ကင်းရေးပန်းတိုင်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွား၊ လူမှုကူးလူးဆက်ဆံမှု စသည့် ကဏ္ဍအသီးသီးတွင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားလိုကြောင်း ၊  နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဘုံအကျိုးစီးပွားဆက်ဆံရေး ခြေလှမ်းသစ်ကို အတူတွန်းအားပေး လျှောက်လှမ်းသွားပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏အကျိုးကို ဖော်ဆောင်သွားလိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ 

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး  Toshimitsu Motegi ကလည်း ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရာတွင် တရုတ်နိုင်ငံသည် ကြီးမားသည့်ကြိုးပမ်ဆောင်ရွက်မှုများရှိကြောင်း၊ ၎င်းအပေါ် ဂျပန်နိုင်ငံအနေဖြင့် အထူး တန်ဖိုးထား ချီးကျူးကြောင်း ၊ ယခုရောဂါတိုက်ဖျက်ရေးတိုက်ပွဲ၏အောင်မြင်မှုကို တရုတ်နိုင်ငံက လျင်မြန်စွာရရှိနိုင်မည်ဟုယုံကြည်ရာ ဂျပန်နိုင်ငံကလည်း တရုတ်နိုင်ငံကို ဆက်လက်၍ ဘက်စုံအားသွန် ထောက်ခံအားပေး ကူညီဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊  ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားကာ ယခုနှစ်ကာလအတွင်း နှစ်နိုင်ငံအကြား အရေးကြီး အဆင့်မြင့်အရာရှိ အဆင့် ဆက်ဆံရေးကို အသင့်ပြင် ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုအသစ်များ ရရှိအောင် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)