Connect with us

Latin America

တရုတ်-အာဂျင်တီးနား ရေအားလျှပ်စစ်စီမံကိန်းက ဒေသတွင်း စီးပွားရေးကို တိုးတက်စေ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် အာဂျင်တီးနားနိုင်ငံ သမ္မတ Mauricio Macri တို့ ဒီဇင်ဘာလ ၂ ရက်က ဗျူနိုအေးရိစ်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

EL CALAFATE ၊ အာဂျင်တီးနား၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

“ကျွန်တော်တို့ တိုးတက်မှုများစွာ လုပ်ဆောင်နိုင်ခဲ့ပါပြီ” ဟု အာဂျင်တီးနားနိုင်ငံ တောင်ဘက် Santa Cruz ပြည်နယ်ရှိ တရုတ်-အာဂျင်တီးနား ရေအားလျှပ်စစ် စီမံကိန်းကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သော La Barrancosa ဆည်၏ ဒေသတွင်း မြေမျက်နှာသွင်ပြင်ဆိုင်ရာ ကျွမ်းကျင်သူ Victor Belisario က ပြောကြားခဲ့သည်။

Santa Cruz မြစ်ကြောင်းတစ်လျှောက်ပေါ်ရှိ Condor ချောက်ကမ်းပါး ရေထိန်းတမံနှင့် La Barrancosa ဆည် စီမံကိန်းငယ်နှစ်ခုကို ပေါင်းထားသည့် အဆိုပါ စီမံကိန်းကြီးမှာ မြေတူးခြင်း၊ မြေပြင်ခြင်းနှင့် မြေဖု့ိခြင်းလုပ်ငန်းများအပါအဝင် ကနဦးတည်ဆောက်ခြင်းအဆင့်များစွာ လုပ်ဆောင်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“အလုပ်သမားတွေက ကွန်ကရစ်တွေကို ပြင်ဆင်နေပြီးတော့ လိုအပ်တဲ့ တာဝါကရိန်းတွေ နေရာချဖို့ အဆင်သင့်ပါပဲ” ဟု Belisario က ပြောသည်။

စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသည် အာဂျင်တီးနားနိုင်ငံအတွက် ထပ်တိုးစွမ်းအင် တစ်နာရီလျှင် ၄.၉၅ ဘီလီယံ ကီလိုဝပ် ထုတ်လုပ်နိုင်ရန်၊ နိုင်ငံ၏လျှပ်စစ်ပမာဏ ၆ ရာခိုင်နှုန်းကျော် တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ယင်းစီမံကိန်းအား ဦးစီးသူ China Gezhouba Group Company (CGGC) ထံမှ သိရသည်။

La Barrancosa ဆည်တွင် တစ်နှစ်လျှင် လျှပ်စစ် ၁,၉၀၃ ဂစ်ဂါဝပ်နာရီ (gwh) ထုတ်ပေးနိုင်သည့် Kaplan တွန်းပို့စနစ်တာဘိုင် သုံးလုံး တပ်ဆင်ထားမည်ဖြစ်ပြီး Condor ချောက်ကမ်းပါးတမံကိုမူ ပျမ်းမျှ ၃,၂၆၈ gwh ထုတ်လုပ်နိုင်သော Francis တာဘိုင် ၅ လုံး တပ်ဆင်မည် ဖြစ်သည်။

အဆိုပါ ပူးတွဲစီမံကိန်းသည် လောင်စာဆီသုံးစွဲမှုကို လျှော့ချပေးနိုင်မည်ဖြစ်ပြီး “အာဂျင်တီးနားနိုင်ငံ၏ စွမ်းအင်တည်ဆောက်မှုကို ကြီးမားစွာ တိုးတက်စေမည်” ဟု CGGC က ပြောခဲ့သည်။ “တစ်နှစ်လျှင် လောင်စာတင်သွင်းမှု အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံ သက်သာစေမှာပါ” ဟု ဆိုသည်။

ဆယ်စုနှစ်အတွင်း ကမ္ဘာ့တောင်ဘက်စွန်းရှိ ရေအားလျှပ်စစ်စီမံကိန်းနှင့် အာဂျင်တီးနားနိုင်ငံတွင် တာဝန်ယူတည်ဆောက်နေသော အကြီးဆုံးစီမံကိန်းတစ်ခုဖြစ်သော ထို စီမံကိန်းက Santa Cruz ပြည်နယ်၌ အလုပ်အကိုင်ပေါင်း ၅,၀၀၀ နှင့် ဆက်စပ်အလုပ်အကိုင်ပေါင်း ၁၅,၀၀၀ ကို ဖန်တီးပေးနိုင်မည်ဟု မျှော်မှန်းထားပြီး လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း Belisario က ပြောကြားခဲ့သည်။

အဆိုပါ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းသည် အာဂျင်တီးနားနိုင်ငံ၏ ဝေးလံသောပြည်နယ်များသို့ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း ဆည်များ တည်ဆောက်ခြင်း၊ လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း တာဝန်ယူထားသော တရုတ်-အာဂျင်တီးနား စီးပွားရေးလုပ်ငန်း UTE Represas Patagonia ၏ လူ့စွမ်းအားအရင်းအမြစ်ဌာနတွင် လုပ်ကိုင်သော Miriam Dopazo က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.