Connect with us

North America

ဆန်ဒီယေဂို၌ အမေရိကန်စစ်သင်္ဘောပေါ် မီးလောင်မှုဖြစ်ပွားရာ သင်္ဘောသား ၁၈ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ ဟောင်ကောင်ဆိပ်ကမ်း၌ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် ကမ်းကပ်ထားသော အမေရိကန်စစ်သင်္ဘော USS Bonhomme Richard အား တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်းဂျလိစ် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုရေတပ်အခြေစိုက်စခန်းတွင် အမေရိကန်စစ်သင်္ဘောတစ်စင်းပေါ်၌ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ သင်္ဘောသား ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် အမေရိကန်စစ်သင်္ဘော USS Bonhomme Richard ပေါ်မှ ဒဏ်ရာရှိသွားသော သင်္ဘောသား ၁၈ ဦးကို နီးစပ်ရာ ဒေသတွင်းဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် တစ်ဦးတစ်ယောက်မျှ အသက်အန္တရာယ်စိုးရိမ်စရာ မရှိကြောင်း အမေရိကန် ပစိဖိတ်ရေတပ်သင်္ဘောအုပ်စု ရေတပ်ကုန်းမြေပိုင်းတပ်ဖွဲ့၏ တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် သင်္ဘောသားအားလုံး သင်္ဘောပေါ်မှ ဆင်းသွားကြပြီးဖြစ်ကြောင်း နှင့် အားလုံးကို ရေတွက်ခဲ့ပြီးဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ 

ခန့်မှန်းခြေ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း နှင့် ထိုစဉ်က သင်္ဘောပေါ်တွင် သင်္ဘောသား ၁၆၀ ဦး ရှိနေကြောင်း တွစ်တာတွင် ဖြည့်စွက်ဖော်ပြထားသည်။ရေတပ်အရေစိုက်စခန်းရှိ မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မီးလောင်မှုကို ငြိှမ်းသတ်ပေးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ယင်းသင်္ဘောကို ထိန်းသိမ်းစောင့်ရှောက်မှု တစ်ခု ပြုလုပ်နေကြောင်း နှင့် ၎င်းမှာ သင်္ဘောသားအမှုထမ်း ၁,၀၀၀ အထိလိုက်ပါနိုင်စွမ်းရှိသော စစ်သင်္ဘောကြီးတစ်စင်းဖြစ်ကြောင်း အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)