Connect with us

North America

ဝါရှင်တန်တွင် ကျင်းပသည့် လူဖြူလူမျိုးရေးဝါဒီများ၏ စုဝေးဆန္ဒပြပွဲ မအောင်မမြင်ဖြင့် ရုပ်သိမ်းသွားရ

ဝါရှင်တန်တွင် မျက်နှာဖုံးကွယ်ထားသည့်လူဖြူလူမျိုးရေးဝါဒီဆန္ဒပြသူအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ယခုနှစ် သြဂုတ်လ ၁၂ ရက်နေ့သည် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville တွင် လူဖြူလူမျိုးရေးလှုပ်ရှားမှုကြောင့် ပဋိပက္ခဖြစ်ပွားရသည့် ၁ နှစ်ပြည့်ကာလ ဖြစ်သည်။ လူဖြူလူမျိုးရေးဝါဒီ အနည်းစုက ယင်းနေ့တွင် အိမ်ဖြူတော်မြောက်ဘက်Lafayetteရင်ပြင်တွင် စုဝေးဆန္ဒပြပွဲကျင်းပရာ ထောင်နှင့်ချီသောသူများက ၎င်းတို့အားဆန့်ကျင်ဆန္ဒပြခဲ့သောကြောင့် စုဝေးဆန္ဒပြပွဲကို မအောင်မမြင်ဖြင့် စောစီးစွာရုပ်သိမ်းခဲ့ရကြောင်း သိရသည်။

အဆိုပါ စုဝေးဆန္ဒပြပွဲကို လူ ၄၀၀ ခန့်ပါဝင်မည်ဟု ဦးဆောင်သူက ခန့်မှန်ထားသော်လည်း လက်တွေ့ တွင် လူဖြူလူမျိုးရေးဝါဒီ ၃၀ ခန့်သာ အိမ်ဖြူတော်အနီး ရထားဘူတာမှ ထွက်လာကြောင်း၊ ၎င်းတို့ အနက် အများစုက ဦးထုပ်၊ မျက်နှာဖုံး၊ ကျောပိုးအိတ်၊ အလံများဖြင့် မျက်နှာကို ကွယ်ထားကြောင်း၊ ၎င်းတို့သည် လုံခြုံရေးရဲတပ်ဖွဲ့ဝင်အမြောက်အမြား၏အကာအကွယ်ဖြင့် Lafayetteရင်ပြင်သို့ လမ်းလျှောက်ခဲ့ရာ လမ်းတစ်လျှောက်လုံး ဆန့်ကျင်ဆန္ဒပြသူများ၏ဒေါသတကြီး အပြစ်တင် ပြောဆိုမှုများကိုခံခဲ့ရကြောင်း သိရသည်။

လူဖြူလူမျိုးရေးဝါဒီများ မရောက်သေးမီ နာရီအနည်းငယ်ခန့်က ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြမည့်သူ ရာနှင့်ချီပြီး Lafayetteရင်ပြင်ကို ရောက်ရှိနေပြီဖြစ်သည်။နေ့လည်ပိုင်းတွင် ဆန့်ကျင်ဆန္ဒပြသူ ထောင်နှင့်ချီရှိခဲ့ကြောင်း၊ အိမ်ဖြူတော်အနီးFreedom Plaza တွင် ဟောပြောသံ၊ ဟစ်ကြွေးသံ၊ ဂီတသံများ နာရီပေါင်းများစွာ ပဲ့တင်ထပ်နေသလို ဆန့်ကျင်ဆန္ဒပြသူများက “လူဖြူလူမျိုးရေးဝါဒီများ အလိုမရှိ၊ နာဇီလက်သစ်များအားအလိုမရှိ ၊ KKK အား အလိုမရှိ”ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင် ပြီး ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

လွန်ခဲ့သောနှစ် သြဂုတ်လ ၁၂ ရက်နေ့က အမေရိကန်နိုင်ငံနေရာအနှံ့ရှိ လူဖြူလူမျိုးရေးဝါဒီများနှင့် နာဇီ လက်သစ်များက Charlottesvilleတွင် “Unite the Right”ဆန္ဒပြပွဲတစ်ခု ကျင်းပရာ ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သောကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်း ခဲ့ရသည်။ ထို့နောက် လူဖြူ လူမျိုးရေးဝါဒသမား တစ်ဦးက ကားမောင်း၍ဆန္ဒပြလူအုပ်ကြီးကို ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် လူ ၁ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်နှစ်ဦးလည်း လေကြောင်းကင်းလှည့် နေစဉ် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။တစ်နှစ်တာ ကာလအတွင်း လက်ယာစွန်းရောက်အင်အားစုများအား အမေရိကန် လူအဖွဲ့အစည်း၏ နှိပ်ကွပ်မှုကြောင့် အင်အားဆုတ်ယုတ်ခဲ့သော်လည်း အမုန်းတရားများနှင့်ပြစ်မှုကျူးလွန်မှုများမှာမူ မကြာခဏ ဖြစ်ပွားလေ့ရှိသလို လူမျိုးရေးခွဲခြားမှုများကလည်း ရှိနေဆဲဖြစ်သည်။ (Xinhua)