Connect with us

North America

အမေရိကန်နိုင်ငံတက္ကဆက်စ်၌သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံး ၊ ၂၁ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် Odessa မြို့ ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန် ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတက္ကဆက်စ်ပြည်နယ် Midland-Odessa နယ်မြေတွင် သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၅ ဦးသေဆုံးပြီး အနည်းဆုံး ၂၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဆိုသည်။

Odessa ရဲတပ်ဖွဲ့က သေနတ်သမားမှာ လူဖြူတစ်ဦးဖြစ်ကြောင်း နှင့် ၎င်းအား အချင်းဖြစ်နေရာ၌ အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ပစ်ခတ်မှုမှာ တက္ကဆက်စ်ပြည်နယ် Midland ၌ သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်း၌ စတင်ဖြစ်ပွားခဲ့ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်သမား မောင်းထွက်လာသော ကားကို ရပ်တံ့ရန် ကြိုးပမ်းခဲ့ကြောင်း နှင့် သေနတ်သမားမှာ ကားဖြင့် ထွက်ပြေးစဉ် ပစ်ခတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သေနတ်သမားလိုက်ပါလာသော မော်တော်ကားသည် Odessa မြို့ထဲသို့မောင်းဝင်လာပြီး ကားပေါ်မှနေ၍ မြင်မြင်သမျှကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ သေဆုံးသူတွေရှိပါတယ်။ ပြီးတော့ ဒဏ်ရာရသူလည်းအများအပြားရှိပါတယ် ” ဟု ရဲတပ်ဖွဲ့ကဆိုသည်။ Odessa ရဲတပ်ဖွဲ့က ပစ်ခတ်မှုသတိပေးချက်တစ်ခုကို Facebook စာမျက်နှာပေါ်တွင် အစောပိုင်းက ထုတ်ပြန်ခဲ့ပြီး “ အခုပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာရသူတွေအများအပြားရှိပါတယ်’’ ဟု ဖော်ပြခဲ့သည်။

Odessa မြို့သည် တက္ကဆက်စ်ပြည်နယ် အနောက်ပိုင်း ၊ Midland မှ အနောက်တောင်ဘက် ၃ဝ ကီလိုမီတာအကွာတွင် တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။ ၎င်းမြို့သည် ရေနံလုပ်ငန်း လုပ်ကိုင်ရာ အချက်အချာ မြို့တစ်မြို့လည်းဖြစ်ကြောင်း သိရသည်။(Xinhua)