Connect with us

North America

အမေရိကန်နိုင်ငံ ဂျာစီမြို့၌ ပစ်ခတ်မှုဖြစ်ပွား၊ ရဲတစ်ဦးအပါအဝင် ၆ ဦးသေဆုံး

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်၌ ဒီဇင်ဘာ ၁၀ ရက်က ပစ်ခတ်မှုဖြစ်ပွားနေသည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း နယူးဂျာစီပြည်နယ် ဂျာစီမြို့၌ ဒီဇင်ဘာ ၁၀ ရက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ ရဲအရာရှိတစ်ဦး ၊  အရပ်သား ၃ ဦး နှင့် သံသယတရားခံ ၂ ဦးအပါအဝင် လူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ဂျာစီမြို့တောင်ပိုင်းရှိ သားငါးအရောင်း စတိုးဆိုင်တစ်ခုအတွင်း သေဆုံးနေသည့် ရုပ်အလောင်း အများစုကို တွေ့ရှိခဲ့ရကြောင်း ဒေသမီဒီယာက ဆိုသည်။

အချင်းဖြစ်စဉ်တွင် အခြားရဲအရာရှိ ၂ ဦး နှင့် အရပ်သား တစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့၏ အခြေအနေမှာ တည်ငြိမ်နေပြီဖြစ်ကြောင်း Hudson မြို့အစိုးရရှေ့နေ Esther Suarez က ၎င်း၏ တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

ဂျာစီမြို့ပြည်သူ့လုံခြုံရေးအဖွဲ့ညွှန်ကြားရေးမှူး James Shea က အဆိုပါပစ်ခတ်မှုသည် အကြမ်းဖက်မှုနှင့်ပတ်သက်ဆက်နွယ်မှုရှိ/မရှိ ကို အတည် မပြုနိုင်သေးကြောင်း ပြောကြားခဲ့သည်။

ဂျာစီမြို့ စာသင်ကျောင်းများ စီမံခန့်ခွဲမှုအကြီးအကဲ Frank Walker က ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ကျော်ခန့်တွင် မြို့တွင်း လမ်းမများထက်၌ သေနတ်သံကိုကြားခဲ့ရကြောင်း ၊ ယင်းနယ်မြေအတွင်းရှိ စာသင်ကျောင်းများစွာကို ချက်ချင်းကျောင်းဝင်းတံခါးပိတ်လိုက်ကြောင်း နှင့် ကျောင်းသားအားလုံးဘေးကင်းကြကြောင်း ပြောကြားခဲ့သည်။

သေနတ်သမား အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့သည် စတိုးဆိုင်ရှေ့ဖြတ်သန်းသွားလာသည့် မည်သူကို မဆို ပစ်ခတ်ခဲ့ကြောင်း နယူးဂျာစီပြည်နယ်အတွက် အဓိက သတင်းတင်ဆက်ပေးနေသည့် NJ.com ဝက်ဆိုက်တွင် ဖော်ပြထားသော သတင်းတစ်ပုဒ်အရ သိရသည်။ အချင်းဖြစ်နေရာသို့ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်နေသည့် ရဲအရာရှိများစွာ ရောက်ရှိလာပြီး အပြန်အလှန်ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

သေနတ်သမားနှစ်ဦးထဲမှ တစ်ဦးသည် ယခင်က လူသတ်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရသူဖြစ်ပြီး ၎င်းထံ ချဉ်းကပ်ရန် ကြိုးပမ်းသည့် ရဲအရာရှိတစ်ဦးအား စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်းနောက် သံသယတရားခံများသည် ထရပ်ကားတစ်စီးဖြင့် မောင်းနှင်ထွက်ပြေးခဲ့ပြီး သားငါးအရောင်းစတိုးဆိုင်တစ်ခုရှေ့တွင် ရပ်တံ့သွားခဲ့ကြောင်း သိရသည်။

အဆိုပါ စတိုးဆိုင်ဆီ ဦးတည်မောင်းနှင်ခဲ့ခြင်းမဟုတ်ဘဲ ရမ်းသန်းပြေးလွှားရင်း ရောက်ရှိသွားခဲ့ခြင်းသာဖြစ်ဖွယ်ရှိကြောင်း စုံစမ်းစစ်ဆေးသူများက ယူဆနေသည်ဟု နယူးယောက်တိုင်းစ်သတင်းစာက ဆိုသည်။

“ နယူးဂျာစီပြည်နယ် ဂျာစီမြို့မှာ ထိတ်လန့်ဖွယ် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းကို အခုလေးပဲ ကြားခဲ့ရပါတယ်” “ ဒီလို သိပ်ကိုခက်ခဲလွန်းတဲ့ ကြေကွဲဖွယ်ကောင်းလွန်းတဲ့ ကာလမှာ သေဆုံးသူတွေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေအတွက် ဆုတောင်းပေးပါတယ်” ဟု အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။

“ ဂျာစီမြို့ရဲဌာနက အမျိုးသားအမျိုးသမီးတွေအတွက် ဆုတောင်းပေးပါတယ် ၊ အထူးသဖြင့် ပစ်ခတ်မှုအတွင်း ပါဝင်ခဲ့တဲ့ ရဲအရာရှိတွေ ၊ ဒေသခံပြည်သူတွေနဲ့ လတ်တလောကျောင်းဝင်းထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေအတွက်ပါ”ဟု ဒီမိုကရက်တစ်ပါတီဝင် မြို့တော်အုပ်ချုပ်ရေးမှူး Phil Murphy က ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.