Connect with us

Environment, Disasters & Accidents

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် အင်အား ရစ်(ခ်)တာစကေး ၅.၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား၊ နောက်ဆက်တွဲ ငလျင်ငယ်များ ဂရုပြုရန်လိုအပ်

ငလျင်လှုပ်ရှားမှုပြ ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာတွင် အင်အား ရစ် (ခ်) တာစကေး ၅.၉ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ နံနက် ၈.၀၇ နာရီတွင် လှုပ်ရှားခဲ့ပြီး နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်နိုင်သောကြောင့် ဂရုပြုသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ နံနက် ၉:၃၀ နာရီတွင် ပြောသည်။

အဆိုပါ ငလျင်သည် အနက် ၂၅ ကီလိုမီတာကို ဗဟိုပြု၍လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တစ်ချို့တွင် ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “ငလျင်ရဲ့သဘောတရားအရ အင်အား ၅.၉ အဆင့်လောက်အထိ လှုပ်ထားတဲ့ ငလျင်တစ်ခုဆိုရင် နောက်ဆက်တွဲ ငလျင်လေးတွေကတော့ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ နောက်ဆက်တွဲ ငလျင်လှုပ်တာကို ငလျင်တိုင်းတာချက်ဖမ်းယူရမိရင် သတင်းထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် ၂၁.၃၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၅၀ ဒီဂရီ၊ အနက် ၂၅ ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတာဝန်ရှိသူကပဲ “အဓိက ငလျင်ဗဟိုချက်နဲ့ နီးတဲ့သူတွေကတော့ ငလျင်ကြီးလှုပ်ခဲ့ပြီးပြီဆိုရင် နောက်ဆက်တွဲ ငလျင်လေးတွေ ရှိနိုင်တဲ့အတွက် အိမ်အဆောက်အဦတွေအောက်မှာ ရောက်နေတဲ့သူတွေ ကိုယ်နေတဲ့ အဆောက်အဦရဲ့ ကြံ့ခိုင်မှုကို ပိုပြီး သတိထားပြီးနေထိုင်သင့်တယ်။ အဆောက်အဦကြံ့ခိုင်မှုမရှိရင် အဆောက်အဦနဲ့ ဝေးရာမှာ နေထိုင်ဖို့အတွက် အကြံပြုချင်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးမှုစာရင်းရှိမရှိ သတင်းရောက်ရှိခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
“တာချီလိတ်မှာ ငလျင်ကို ခံစားမိကြပေမဲ့ ပျက်စီးမှုတို့၊ ထိခိုက်ဒဏ်ရာရရှိသူတို့ မရှိခဲ့ပါဘူး” ဟု ရွှေမယ်ယန်း ပရဟိတ လှုမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117