Politics, Law & Military
ရခိုင်ပြည်နယ် ကင်းချောင်းတံတားဆောက်ရန် ချေးငွေ လွှတ်တော် အတည်ပြု
နေပြည်တော်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်ရှိ ကင်းချောင်းတံတား တည်ဆောက်ရန် သြစတြီးယားနိုင်ငံ Unicredit Bank ထံမှ ယူရိုငွေ ငါးသန်း ချေးယူရေးကို ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။
အဆိုပါ ချေးငွေရယူရေးနှင့် စပ်လျဉ်းပြီး ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး အစတွင် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန် ဆွေးနွေးခဲ့ကြရာ အဆိုပါ ဆွေးနွေး ချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ယနေ့ အစည်းအဝေး၌ ပြန်လည် ရှင်းလင်း ဖြေကြားအပြီးတွင် လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
“ချေးငွေရဲ့ ရည်ရွယ်ချက်မှာ စီမံကိန်းအတွက် လိုအပ်သည့် ပစ္စည်းကို သင့်လျော်သော ဈေးဖြင့် ချေးငွေ သုံးပြီး ဝယ်ယူနိုင်ရန်နဲ့သြစတြီးယား ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ဖြစ်ပါတယ်၊ အတိုးမဲ့ချေးငွေ ဖြစ်လို့အတိုးပေးဖို့ မလိုပေမယ့် အာမခံကြေးအဖြစ် ချေးငွေရဲ့ ၀ ဒသမ ၉ ရာခိုင်နှုန်းကို နှစ်စဉ် ပေးသွင်းသွားရပါမယ် ဆိုင်းငံ့ကာလ ရှစ်နှစ် ပြန်ဆပ်ကာလ ၁၇ နှစ် – စုစုပေါင်း ချေးငွေ သက်တမ်း ၂၅ နှစ် ဖြစ်ပြီး ပြန်ဆပ်ကာလမှာ ခြောက်လ တစ်ကြိမ် နှုန်းနဲ့ စုစုပေါင်း ၃၄ ရစ်( ၃၄ ကြိမ်) ပြန်ဆပ်ရပါမယ်၊ ချေးငွေရဲ့ ၈၅ ရာခိုင်နှုန်း ဖြစ်တဲ့ ယူရို ၄ ဒသမ ၂၅ သန်းကိုသာ ပြန်ဆပ်ရမှာဖြစ်ပြီး ၀ ဒသမ ၇၅ သန်းကို ပြန်ဆပ်ဖို့ မလိုတဲ့ ချေးငွေ ဖြစ်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းပြခဲ့သည်။
အဆိုပါ ကင်းချောင်းတံတား တည်ဆောက်ခြင်းဖြင့် ကျောက်ဖြူမြို့နယ် ၊ ရမ်းဗြဲမြို့နယ်တို့မှ ရန်ကုန် – ကျောက်ဖြူ ကားလမ်းနှင့် ချိတ်ဆက်ပြီး တိုက်ရိုက် သွားလာနိုင်မည်ဖြစ်၍ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာနိုင်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့သည်။ (Xinhua)