Education & Health
နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူ ၁၈၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦးထိရှိလာ
ရန်ကုန် ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
နိုင်ငံတစ်ဝန်းတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၉ရက်အထိ ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူ ၁၈၆ ဦးရှိပြီး သေဆုံးသူ ၃၄ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၉ ရက် အထိ ဖြစ်ပွားသူ ဦးရေမှာ ၁၈၆ ဦး ရှိပြီး သေဆုံးသူ ဦးရေမှာ ၃၄ ဦး ရှိလာကြောင်း၊
ရာသီတုပ်ကွေးရောဂါဖြင့် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ဓာတ်ခွဲ စစ်ဆေးသူ စုစုပေါင်း ၅၁၇ ဦး ရှိပြီး သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၇ ဦး ၊ ဧရာဝတီ တိုင်းဒေသကြီးတွင် ၃ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ပဲခူးတိုင်းဒေသကြီးတွင် ၁ ဦးနှင့် မွန်ပြည်နယ်တွင် ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီး/ပြည်နယ် ငါးခုတွင် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09)ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရောဂါလက္ခဏာများ အဖြစ် ဖျားခြင်း ၊ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက် နာကျင် ကိုက်ခဲခြင်း ၊ ခေါင်းကိုက်ခြင်း ၊ချမ်းတုန်ဖျားခြင်းနှင့် ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် လက္ခဏာများအပြင် အန်ခြင်း၊ ဝမ်းလျှောခြင်းစသော လက္ခဏာများလည်း တွေ့ရှိနိုင်ကြောင်း သိရသည်။(Xinhua)