Connect with us

Social

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မူလမြေပိုင်ရှင်များသို့ မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်

မြေပြန်လည်ပေးအပ်ပွဲ အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့သစ် စီမံကိန်း မူလမြေပိုင်ရှင်များသို့ မြေ ၂၀ ရာခိုင်နှုန်းအား ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပခဲ့ကြောင်းသိရသည်။

မြေပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ်ညွှန့်ကျေးရွာ၊ ခါတော်မီဘုန်းကြီးကျောင်းတိုက်ရှိ ရန်ကုန်မြို့သစ်စီမံကိန်း မြေနေရာပြန်လည် ချထားရေးလုပ်ငန်း အဖွဲ့ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ ဒီနေ့ဟာ ရန်ကုန်တိုင်းဒေသကြီးအတွက် အလွန်မင်္ဂလာရှိတဲ့ နေ့တစ်နေ့လို့ ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ပြဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ အစီအစဉ်ထဲမှာ အရေးကြီးသည့် စီမံကိန်းကြီးတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ များစွာကို ကျော်ဖြတ်ဆောင်ရွက်နေရတဲ့ အရေးကြီးတဲ့ စီမံကိန်းကြီး တစ်ခုဖြစ်ပါတယ်။” ဟု ပြောကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်က ယခုဆောင်ရွက်နေသည့် မြေသိမ်း အမိန့်အားလုံးသည် ပြည်ထောင်စုကနေ ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် အညီ မိမိတို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအခြေအနေပေါ်ကနေ မူတည်ပြီး ဒီမြို့သစ်ကို ဆက်ပြီး အကောင်အထည် ဖော်နိုင်ဖို့ အတွက် ပြည်သူများနှင့် ထိတွေ့မှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ ပေးမည့် မြေလျော်ကြေးက မြို့မြေ ဖြစ်ပြီး၊ မြို့မြေနှင့် လယ်မြေဈေးနှုန်း ကွာခြားမှုသည် များစွားကြီးမားကြောင်း၊ လယ်မြေများ ပြန်မပေးနိုင်တော့သည့် အခြေအနေမှာ မြေလျော်ကြေးပေးနေခြင်းသည် မြို့ဖြစ်သွားသည့် အတွက် အခြေခံ အဆောက်အအုံ လမ်းများ၊ မီးများ၊ ရေများ လိုအပ်ကြောင်း၊ ဥပမာ ဒဂုံလေးမြို့နယ်ကို မြေသိမ်းခဲ့ကြောင်း၊ လျော်ကြေးပေးမှု တချို့နေရာများမှာ မရှိခဲ့သည့်အတွက် မိမိတို့ အခုလျော်ကြေးပေးနိုင်ဖို့ ပြင်ဆင်နေကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းမှာ ၇ ဘီလီယံ နီးနီး လျော်ပေးခဲ့ပြီး၊ ယခု နောက်ထပ် ၃၀ ဘီလီယံကျော် ထပ်လျော်ဖို့ပြင်ဆင်နေကြောင်း၊ လာမည့် ဧပြီလမှာ ၂၀၀ ဘီလီယံလောက် လျော်ပေးဖို့ ပြင်ဆင်ရမှာ ဖြစ်ကြောင်း၊ ဘာကြောင့် မြေလျော်ကြေးပေးဖို့ လုပ်ရလဲဆိုလျင် မြို့ပြဖြစ်သွားသည့် နေရာများမှာ မြေသည်မြို့မြေ ဖြစ်သွားခြင်းကြောင့် လယ်ပြန်စိုက်လို့မရတော့ကြောင်း၊ လယ်သိမ်းထားသည့် နေရာများမှာ လယ်ပြန်စိုက်ရန် ပုံစံခွန် ထုတ်ပေးမှုကို မလုပ်နိုင်သည့် နေရာများမှာ မြေလျော်ကြေးပေးဖို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဝန်ကြီးဦးဟံထွန်း၊ ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများက မူလမြေပိုင်ရှင်များအား မြေကွက်အမျိုးအစားအလိုက် ၂၀ ရာခိုင်နှုန်း ယာယီမြေပေးမိန့်များ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ဒေသခံ မြေပိုင်ရှင်များကိုယ်စား ဒေသခံတောင်သူ ဦးမျိုးကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယခုကျင်းပသည့် မြေပြန်လည်ပေးအပ်ခြင်းမှာ ကြည့်မြင်တိုင်မြို့နယ် ဧရိယာအတွင်းရှိ တောင်သူများအား ယခင်လယ်မြေမှ ယခု မြို့မြေနေရာအဖြစ် နှစ်ဆယ်ရာခိုင်နှုန်းဖြင့် တောင်သူ (၁၈၇)ဦး ၏ ဧရိယာ (၁၅၁၄)ဧက အတွက် ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြေပြန်လည်ပေးအပ်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စိုက်ပျိုးရေး မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီးဦးဟံထွန်း၊ ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန်ဦးစိုးလွင်၊ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် မြေပိုင်ရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117