Connect with us

Social

သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်းရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်လက်မှတ်များအား Online မှ ကြိုတင်ရောင်းချပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အားတွေ့ရစဉ် (ပုံစာ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ သွားလာလိုမှုအပေါ် လေ့လာချက်အရ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ သွားလာမှုအတွက် မော်တော်ယာဉ်များ ငှားရမ်းစီမံထားခြင်း၊ မော်တော်ယာဉ် အသင်းများမှလည်း ယာဉ်လက်မှတ်များကို Online မှ ရောင်းချသော စနစ်ဖြင့် ကြိုတင်ရောင်းချပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

အောက်တိုဘာလ ၇ ရက်တွင်  ကျင်းပသော လွှတ်တော်အစည်းအဝေး၌ ဒဂုံမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၉ခုနှစ်၊ သီတင်းကျွတ်ရုံးပိတ်ရက် ကာလအတွင်း နယ်မြို့အသီးသီးသို့ ခရီးသွားလာသူ လုပ်သားပြည်သူများအတွက် အစစအရာရာ အဆင်ပြေ ချောမွေ့စေရေးနှင့် အဝေးပြေးကားဝင်းများအနီး ယာဉ်ကြောကြပ်တည်းမှု လျော့ပါးစေရေးအတွက် မည်ကဲ့သို့ ကြိုတင်စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“၂၀၁၉ခုနှစ်၊ သီတင်းကျွတ်ပွဲတော်ကာလတွင် ခရီးသွားပြည်သူများ သွားလာမှုအတွက် လက်မှတ်များ စနစ်တကျ ရောင်းချရေး၊ ယာဉ်လိုင်းမရှိဘဲ လက်မှတ်ရောင်းချခြင်း မပြုလုပ်ရေး၊ သတ်မှတ်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (အဝေးပြေးဌာနခွဲ) တာဝန်ရှိသူများက ၁၈.၉.၂၀၁၉ ရက်နေ့တွင် ယာဉ်လိုင်းတာဝန်ရှိသူများကို အသိပေးခဲ့ပြီး ဖြစ်ပါတယ်။ ခရီးသွားပြည်သူများ သွားလာလိုမှုအပေါ် လေ့လာချက်အရ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ သွားလာမှုအတွက် မော်တော်ယာဉ်များ ငှားရမ်းစီမံထားခြင်း၊ မော်တော်ယာဉ်အသင်းများမှလည်း ယာဉ်လက်မှတ်များကို Online မှ ရောင်းချတဲ့ စနစ်ဖြင့် ကြိုတင်ရောင်းချ ပေးနေပါတယ်။ လက်မှတ်ဝယ်ယူရေး အခက်အခဲရှိသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (အဝေးပြေးဌာနခွဲ)ရုံးသို့ ဆက်သွယ်လာပါက ကူညီဆောင်ရွက် ပေးပါတယ်။”ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။  (Xinhua)