Videos
အင်ဒိုနီးရှားနိုင်ငံ သမ္မတက COVID-19 ကာကွယ်ဆေး စမ်းသပ်မှုကို ၆ လအတွင်းအပြီးသတ်နိုင်ရန် မျှော်လင့်
ဂျကာတာ၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒို က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးစမ်းသပ်မှု တတိယအဆင့်ကို ၆ လအတွင်းအပြီးသတ်နိုင်ရန် မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ လက်ရှိတွင် ကာကွယ်ဆေးကို တရုတ်နိုင်ငံ အခြေစိုက် ဇီဝဆေးဝါးများထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotech နှင့် အင်ဒိုနီးရှားနိုင်ငံပိုင် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် PT Bio Farma ကုမ္ပဏီတို့ ပူးပေါင်းကာ စမ်းသပ်ထုတ်လုပ်လျက်ရှိသည်။
သမ္မတ ဝီဒိုဒိုသည် ဩဂုတ် ၁၁ ရက်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ရှိ COVID-19 ကာကွယ်ဆေး စမ်းသပ်နေသည့် ဆေးရုံသို့ သွားရောက်လေ့လာကြည့်ရှုစစ်ဆေးခဲ့သည်။
သမ္မတက “ ကျွန်တော်တို့အနေနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကာကွယ်ဆေးကို စတင်ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်၊ ထုတ်လုပ်ပြီးတာနဲ့ ကာကွယ်ဆေးတွေကို ကျွန်တော်တို့ ပြည်သူတွေအတွက် မျှဝေပေးသွားမှာပါ” ဟုဆိုသည်။
ကာကွယ်ဆေးစမ်းသပ်မှု တတိယအဆင့်တွင် စေတနာ့ဝန်ထမ်းပေါင်း ၁၆၂၀ ဦး ပါဝင်ကာ အစမ်းသပ်ခံသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)