Connect with us

North America

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ၎င်းတာဝန်ယူပြီးနောက် ပထမရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားများ နှာခေါင်းစည်းတပ်ဆင်ကြရန် တိုက်တွန်းသွားမည်

အမေရိကန်နိုင်ငံ ဒယ်လာဝဲပြည်နယ်၊ ဝယ်လ်မင်တန်မြို့တွင် မိန့်ခွန်းပြောကြားနေသည့် ဂျိုးဘိုင်ဒန်ကို နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အမေရိကန်နိုင်ငံ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က ၎င်းအနေဖြင့် သမ္မတတာဝန်ရယူပြီးနောက် ပထမရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားများကို နှာခေါင်းစည်းတပ်ဆင်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော် သမ္မတရာထူးတာဝန်ယူတဲ့ ပထမဆုံးနေ့မှာပဲ ရက်ပေါင်း ၁၀၀ နှာခေါင်းစည်းတပ်ဆင်ရေးအတွက် ပြည်သူများကို ပြောကြားသွားမှာပါ” ဟု ဒယ်လာဝဲပြည်နယ်၊ ဝယ်လ်မင်တန်မြို့တွင်ဗီဒီယိုဖြင့် တွေ့ဆုံမေးမြန်းမှု၌ CNN သတင်းဌာန တင်ဆက်သူနှင့် ဝါရှင်တန် သတင်းထောက်ချုပ် Jake Tapper အား ဘိုင်ဒန်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရက်ပေါင်း ၁၀၀ တည်းနှာခေါင်းစည်းတပ်ရမှာပါ။ အမြဲတမ်းမဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးတာတွေနဲ့ နှာခေါင်းစည်းတပ်တာတွေပါ လုပ်မယ်ဆိုရင် ရောဂါဖြစ်ပွားတဲ့ အရေအတွက်ကို သိသိသာသာ လျှော့ချပေးလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ဘိုင်ဒန်က ဆိုသည်။

အမေရိကန်နိုင်ငံတစ်ဝန်း COVID-19 ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၃ ရက်အထိ COVID-19 ရောဂါဖြစ်ပွားသူ ၁၄ သန်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၂၇၆,၀၀၀ ခန့်ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းများအရ သိရသည်။

ထို့ပြင် အမေရိကန်၌ ဒီဇင်ဘာ ၂ ရက်တွင် သေဆုံးသူအရေအတွက်မှာ ၃,၁၅၇ ဦးရှိခဲ့ရာ တစ်နေ့တည်း လူသေဆုံးမှုအများဆုံး စံချိန်တင်ခဲ့သည်။

နှာခေါင်းစည်းတပ်ဆင်ခြင်းသည် လူထုအတွင်း COVID-19 ကူးစက်မှုအန္တရာယ်ကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ကြောင်း ခိုင်မာသည့် သက်သေများရှိသော်ငြားလည်း အမေရိကန်နိုင်ငံသားအချို့သည် ကပ်ရောဂါကာလအတွင်း နှာခေါင်းစည်းတပ်ဆင်ရန် ငြင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့်လည်း အမေရိကန်နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားပြီး လများစွာကြာပြီး ဇူလိုင်လအထိတိုင် နှာခေါင်းစည်းတပ်ဆင်ရန် လူသိရှင်ကြား ထောက်ခံအားပေးခဲ့ခြင်းမရှိပေ။

သို့သော်လည်း အမေရိကန်နိုင်ငံ သမ္မတ တစ်ယောက်အနေဖြင့် နိုင်ငံတစ်ဝန်း နှာခေါင်းစည်း မတပ်မနေရအမိန့်ကို တိုက်ရိုက်ညွှန်ကြားရန် အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်မရှိကြောင်းသိရသည်။

ထို့ပြင် ဘိုင်ဒန်က အမေရိကန်နိုင်ငံ၏ ထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်သူ Anthony Fauci ကို ၎င်း၏ ကျန်းမာရေးအကြံပေး အကြီးအကဲအဖြစ်နှင့် ၎င်းတို့အစိုးရအဖွဲ့၏ COVID-19 တုံ့ပြန်ရေးအဖွဲ့တွင် ပါဝင်ရန် ပြောကြားခဲ့ကြောင်း CNN အင်တာဗျူး၌ ပြောကြားခဲ့သည်။

၁၉၈၄ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံ အမျိုးသား ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသူ Fauci သည် ၎င်း၏လက်ရှိရာထူးတွင် ဆက်လက်ရှိနေမည်ဖြစ်ကာ ကပ်ရောဂါနှင့်ပတ်သက်၍ ဘိုင်ဒန်ကို အကြံပေးသွားမည်ဖြစ်ကြောင်း အမေရိကန် မီဒီယာ ကွန်ရက်များအရ သိရသည်။ (Xinhua)

#U.S, #COVID_19, #JoeBiden, #mask, #Xinhua, #အမေရိကန်, #ဂျိုးဘိုင်ဒန်, #နှာခေါင်းစည်း, #ဆင်ဟွာ

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.