Connect with us

Education & Health

အဆုတ်ရောင်ကာကွယ်ဆေးသစ် ကလေးငယ်တစ်ဦး မကျန် ထိုးရမည်

ကလေးငယ်တစ်ဦးအား ကာကွယ်ဆေး ထိုးပေးနေစဉ် (ဓာတ်ပုံ - Unicef Myanmar)

နေပြည်တော်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းချက် အပါအဝင် ၂၀၁၃ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေး သေဆုံးမှု၏ ၁၂ ရာခိုင်နှုန်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခု အဆုတ်ရောဂါ ကာကွယ်ဆေးသစ်ကို ကာကွယ်ဆေး ရရှိသင့်သည့် ကလေးတစ်ဦးမျှ မကျန် ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ ပြောခဲ့သည်။

“ကာကွယ်ဆေး ရသင့်တဲ့ ကလေးငယ် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်ရအောင် ပထဝီ အနေအထားအရ ဝေးလံခက်ခဲတဲ့ နေရာတွေ၊ ရွေ့လျား နေထိုင်တဲ့ လူအုပ်စုတွေ၊ ပျံကျ ရပ်ကွက်တွေအထိ ကာကွယ်ဆေး ရောက်ရှိအောင် အမျိုးသားရေး အသွင် ဖြင့် ဝိုင်ဝန်းကူညီ ဆောင်ရွက်ပေးကြဖို့တိုက်တွန်းအပ်ပါတယ်” ဟု နေပြည်တော်၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနတွင် ပြုလုပ်သည့် “နိုင်ငံတစ်ဝှမ်း ပုံမှန် ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ပြင်းထန် အဆုတ်ရောင် ရောဂါပိုး ကာကွယ်ဆေး (PCV) စတင် ထည့်သွင်း ထိုးနှံခြင်း အခမ်းအနား” ၌ ဝန်ကြီးက ပြောခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေး တစ်သိန်းတွင် ကလေး ၁၀၀ မှ ၃၀၀ ဦးတို့သည် ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ခန့် မှန်းထားသည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနသည် မြန်မာ့ ကျန်းမာရေး အဆင့် မြှင့်တင်နိုင်ရေး၊ ရောဂါ ပျံ့နှံ့ ဖြစ်ပွားမှုများ ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များကို ရက် ၁၀၀၊ ခြောက်လ၊ ၁၂ လ ကာလများအတွင်း စီမံချက်များဖြင့် ဆောင်ရွက်လျက်ရှိရာ ယခု ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေး အသစ် (PCV) ထိုးနှံခြင်းမှာ ရက် ၁၀၀ စီမံကိန်းပါ လုပ်ငန်းများအနက် အဓိက လုပ်ငန်းဖြစ်သည်။

“၂၀၁၆ ဇူလိုင်လက စပြီး မြန်မာတစ်နိုင်ငံလုံးရှိ ကလေးငယ်များကို ကူးစက် ရောဂါ ၁၀ မျိုးက ကင်းဝေးစေရန် ကာကွယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟုလည်း ဝန်ကြီးက ပြောသည်။

ထိုဆေးကို Gavi vaccine Alliance ဖြင့် ဝယ်ယူရာတွင် မြန်မာနိုင်ငံက တစ်နှစ်စာ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈ သန်းကျော်ကန်ကျခဲ့သဖြင့် ဆေးထိုးသည့် လုပ်ငန်းတွင် ဆက်စပ် နှီးနွယ်လျက်ရှိသော ဌာန အဖွဲ့အစည်းများ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြား ပြည်သူ အခြေပြု လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း ပါဝင် ဆောင်ရွက် ကြဖို့လည်း ဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

ထိုကာကွယ်ဆေးသစ်ကို အသက်တစ်နှစ်အောက် ကလေးငယ်များအား အသက် နှစ်လ၊ လေးလ နှင့် ခြောက်လတို့တွင် တစ်ကြိမ်စီ၊ ပေါင်း သုံးကြိမ် ထိုးနှံပေးမည်ဖြစ်သည်။

၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်တွင် ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် နိုင်ငံတော် အစိုးရက ကုန်ကျရန် လျာထားငွေသည် ကန် ဒေါ်လာ ၆.၇ သန်းခန့်ရှိပြီး ကလေးငယ်တစ်ဦးအတွက် ခုနစ် ဒေါ်လာခန့်အကုန်အကျခံသွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ မြင့်ထွေးက ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117