Connect with us

Asia

ဂျပန်ရှိ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး IS တို့နှင့် ပူးပေါင်းရန် တရားမဝင်စီစဉ်နေ၍ မိခင်နိုင်ငံသို့ ပြန်ပို့ခံရ

ဂျာကာတာ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံရှိ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးသည် ဆီးရီးယားနိုင်ငံ ရှိ IS စစ်သွေးကြွအုပ်စုနှင့် ပူးပေါင်းရန် တရားမဝင် စီစဉ်နေ၍ ၎င်းအားမိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း အင်ဒိုနီးရှားရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၇ရက်တွင် ဂျာကာတာမြို့၌ ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် ၄၄နှစ်အရွယ် Azni Muzakir alias Abdul Zakir သည် ဖေဖော်ဝါရီ ၁၅ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းသို့ ရောက်ရှိလာခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမင်းကြီး Martinus Sitompul ကပြောကြားခဲ့သည်။ပြောရေးဆိုခွင့်ရှိသူက အကြမ်းဖက်အုပ်စုတွင် Muzakir တရားမဝင် ပါဝင်နေခြင်း အကြောင်းအရာအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အစီအစဉ်အရ တရားခံအား တင်းကျပ်သည့် မေးမြန်းစစ်ဆေးမှု ပြုလုပ်ရန် ဂျာကာတာမြို့သို့ ခေါ်ဆောင်လာမည်ဖြစ်ပြီး ၎င်းအား Soekarno-Hatta လေဆိပ်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့က စောင့်ဆိုင်း နေမည်ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ရုံးချုပ်၌ပြောကြားခဲ့သည်။Muzakir သည် ဂျပန်နိုင်ငံသို့ ၁၉၉၇ခုနှစ်တွင် ပထမဆုံးရောက်ရှိလာပြီး ၂၀၀၇ခုနှစ်တွင် နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Agung Sampurno ကပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ လုံခြုံရေးအာဏာပိုင်များသည် ဆီးရီးယားရှိ IS စစ်သွေးကြွအုပ်စု နှင့် ပူးပေါင်းရန် ကြိုးစားသည့် နိုင်ငံသားများစွာအား တားဆီးရန် ကြိုးပမ်းခဲ့ပြီး ISတို့၏လှုပ်ရှားမှုများတွင် ပါဝင်ရန် ဆီးရီးယားနိုင်ငံသို့ သွားရောက်ပြီးမှ အင်ဒိုနီးရှားသို့ ပြန်လာသူများကိုလည်း လေ့လာစောင့်ကြည့်လျက် ရှိကြောင်း သိရသည်။ (Xinhua)