Connect with us

Media

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ မီးလောင်မှု အကြိမ်ပေါင်း ၁,၂၄၅ ကြိမ်ဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ မီးလောင်မှု အကြိမ်ပေါင်း ၁,၂၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၁၆,၈၆၉ ကျော် ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသက်ထွန်းဦးက ဆင်ဟွာသို့ယနေ့ နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။
ဦးသက်ထွန်းဦးက “တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၇၅ ဦး ရှိပါတယ်။ ဒဏ်ရာရသူက ၁၈၄ ယောက်ရှိခဲ့ပါတယ်။ မီးဘေးဒုက္ခသည်ပေါင်း ၉,၇၁၂ ဦးရှိပါတယ်” ဟုပြောသည်။

အဆိုပါမီးလောင်မှုများကြောင့် အိမ်ခြေအဆောက်အဦပေါင်း ၃,၁၀၀ ကျော်၊ စက်ရုံအလုပ်ရုံပေါင်း ၁၇ ရုံ၊ ဂိုထောင်ပေါင်း ၁၄၆ လုံးဆုံးရှုံးခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

“မနှစ်က အလားတူကာလမှာ မီးလောင်မှု အကြိမ်ရေ ၁,၄၀၀ ရှိခဲ့တဲ့အတွက် ဒီနှစ်က ၁၅၅ ကြိမ်လျော့နည်းတယ်လို့ ဆိုနိုင်ပါတယ်။ မနှစ်က ကာလတူမှာ မီးလောင်မှုကြောင့် ၈၅ ယောက်သေဆုံးခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သန်းပေါင်း ၆,၀၁၃ ဆုံးရှုံးခဲ့တယ်” ဟု ဦးသက်ထွန်းဦးကပြောသည်။မီးလောင်မှု အများစုမှာ ပေါ့ဆမှုနှင့် လျှပ်စစ်မီးကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။ “ပွင့်လင်းရာသီကို ရောက်လာပြီဖြစ်တဲ့အတွက် နိုင်ငံတွင်းမှာ မီးလောင်မှုတွေ လျော့နည်းကျဆင်းဖို့အတွက် မီးသတ်တပ်ဖွဲ့အနေနဲ့ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာအသီးသီးမှာ ရှိတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်း ပရဟိတ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီးတော့ မီးလောင်မှုကို နှစ်စဉ်လျော့နည်းကျဆင်းဖို့ ဆောင်ရွက်နေပါတယ်။ သို့သော်လည်းပဲ မီးလောင်မှုလျော့နည်းဖို့က ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်မှ ပိုပြီးအောင်မြင်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ နောက်ပြီးတော့ မီးသတ်ဆေးဗူးက နေရာတိုင်းမှာ ဝယ်လို့ရနေပါပြီ။ မီးလောင်တဲ့အခါ မီးတောက်သေးသေးလေးက စတာဖြစ်ပါတယ်။ ဒါကြောင့် နေအိမ်တိုင်း၊ နေရာတိုင်းမှာ မီးသတ်ဆေးဗူးကိုထားဖို့ တိုက်တွန်းလိုပါတယ်။ မီးလောင်မှုကို အချိန်မီ ငြှိမ်းသတ်နိုင်မှာဖြစ်ပါတယ်။ Hot Line 191 ကို သိရှိဖို့ အသိပညာ ပေးလိုပါတယ်။ မြန်မြန်ဆန်ဆန် ဖြစ်စေချင်ရင် ကိုယ်နေထိုင်တဲ့ နေရာရဲ့ မီးသတ်တပ်ဖွဲ့ရဲ့ လက်ကိုင်ဖုန်းကို ထည့်သွင်းထားစေချင်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)