Connect with us

Media

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဆုတံဆိပ်များနှင့် ကောင်းမွန်သည့် အတွေ့အကြုံများ ရရှိရန်မျှော်လင့်

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ မြန်မာ့လက်ရွေးစင် အားကစားသမားများသည် ကြိုတင်ပြင်ဆင်မှုများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပြီး၎င်းတို့၏ စွမ်းရည်များတိုးတက်စေရေးနှင့် ဆုတံဆိပ်များရရှိရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ ၌ ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ခုနှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလက်ရွေးစင်အားကစားသမား ၁၀၀ ကျော်မှာ အကောင်းဆုံးယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှ သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသား ပိုက်ကျော်ခြင်းအဖွဲ့မှ အသင်းခေါင်းဆောင် အသက် ၃၈ နှစ်အရွယ်ရှိ ကိုသန့်ဇင်ဦးက ရွှေတံဆိပ်အပါအဝင် ဆုများ ရယူရန် ကြိုးစားပြင်ဆင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

“မှန်းတာက ရွှေတံဆိပ်ပေါ့။ အာရှအားကစားပြိုင်ပွဲမှာ သွားပြိုင်ရမယ်ဆိုတော့ ပျော်တာပေါ့။ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ရတော့ ဂုဏ်ယူပါတယ်။ ဒီလိုနိုင်ငံတကာပွဲအကြီးကြီးတွေကို ယှဉ်ပြိုင်ရတဲ့အခါ တခြားအဖွဲ့တွေရဲ့ အခြေအနေကတော့ ယှဉ်ပြိုင်ကစား ကြည့်မှပဲ သိမှာပါ။ မြန်မာနိုင်ငံအတွက်တော့ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်မှာပါ” ဟု ကိုသန့်ဇင်ဦးကပြောသည်။

ရိုးရာလှေလှော်အားကစားနည်းမှ တာဝန်ရှိသူ ဦးထက်လွင်က “ကျွန်တော်တို့အသင်းက အခုအချိန်မှာ အကောင်းဆုံး လေ့ကျင့်နေပါတယ်။ ရိုးရာလှေပြိုင်ပွဲမှာ မီတာ ၂၀၀၊ မီတာ ၅၀၀၊ မီတာ ၁,၀၀၀ တို့ကို ယှဉ်ပြိုင်ရမှာပါ။ ကျွန်တော်တို့အနေနဲ့ long distance တွေဖြစ်တဲ့ မီတာ ၅၀၀ နဲ့ မီတာ ၁,၀၀၀ ကို အားထားပြီး လေ့ကျင့်ဆောင်ရွက်နေပါတယ်။
အာရှအဆင့်ပြိုင်ပွဲကြီးဖြစ်တဲ့အတွက် တခြားနိုင်ငံတွေကလည်း ကြိုးစားပြင်ဆင်နေကြမှာဖြစ်တယ်။ အာရှအဆင့်နိုင်ငံတွေ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်လို့ အကောင်းဆုံးပြင်ဆင်ဆောင်ရွက်နေပါတယ်။ ရိုးရာလှေပြိုင်ပွဲမှာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၄ ဦး ယှဉ်ပြိုင်မှာပါ” ဟု ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၁၀ ရက်တွင်ပြောသည်။
ရိုးရာလှေလှော်အသင်း အနေဖြင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြောင်းနှင့် အာရှအဆင့် ပြိုင်ပွဲများတွင်လည်း ယခင်ကဆုတံဆိပ်များ ရရှိခဲ့ဖူးကြောင်း ဦးထက်လွင်ကဆိုသည်။

အာရှအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ပိုက်ကျော်ခြင်းအသင်းမှ အသက် ၃၁ နှစ်အရွယ် အားကစားသမား မခင်နှင်းဝေက တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

မခင်နှင်းဝေက “မျှော်လင့်ချက်ကတော့ အကောင်းဆုံးကြိုးစားနေပါတယ်။အခု အာရှအားကစားပြိုင်ပွဲရဲ့ ပိုက်ကျော်ခြင်းအားကစားမှာ အဓိကပြိုင်ဘက်တွေကတော့ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေလို့ထင်ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်ပြီး အောင်မြင်မှု ရရှိဖို့ target ထားပြီးလုပ်ဆောင်နေပါတယ်။ အသင်းအဖွဲ့နဲ့ အတူတကွ လုပ်ဆောင်ရတဲ့အပိုင်းမှာလည်း အကောင်းဆုံးလုပ်ဆောင်တယ်။ လိုအပ်တာလေးတွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက်ညှိနှိုင်းတိုင်ပင်တာလေးတွေ လုပ်ပါတယ်” ဟု ပြောသည်။

မြှားပစ်အားကစားနည်းကို အသက် ၁၅ နှစ်မှ စတင်ကစားခဲ့ပြီး ၈နှစ် အတွေ့အကြုံရှိပြီဖြစ်သည့် အသက် ၂၃ နှစ်အရွယ်ရှိ မပြည့်စုံနှင်းကလည်း တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် အတွေ့အကြုံများစွာ ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
မပြည့်စုံနှင်းက “အာရှအားကစားပြိုင်ပွဲဆိုတော့ အာရှနိုင်ငံက အများကြီးပါတော့ ရွှေတံဆိပ်ရယ်လို့တော့ မမျှော်လင့်ဘူး။ ဒါပေမယ့် အတွေ့အကြုံတော့ အများကြီးမျှော်လင့်တယ်။ လာမယ့် ၂၀၂၅ SEA Games ပြိုင်ပွဲမှာ အခုဒီပွဲက အတွေ့အကြုံတွေကို အသုံးချမယ်။ အရင်ကလည်း နိုင်ငံတကာပြိုင်ပွဲ ၈ ကြိမ်လောက်ပြိုင်ပြီးပါပြီ။ ဆုအနေနဲ့ ငွေတံဆိပ်နဲ့ ကြေးတံဆိပ် တွေ ရရှိခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက်လည်း အများကြိီးပြင်ဆင်ထားပါတယ်။ ဒီပြိုင်ပွဲကနေ အားကစားသမားတွေအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေ တိုးလာမယ်လို့ထင်ပါတယ်” ဟု ပြောသည်။

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲသည် နိုင်ငံနှင့် ဒေသပေါင်း ၄၅ ခုမှ အားကစားသမား ၁၂,၀၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် အားကစားနည်း ၄၀ မှ ပြိုင်ပွဲ အမျိုးအစား ၄၈၁ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဘောလုံး၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ရိုးရာလှေ၊ Esports၊ လေးပစ်နှင့် ပိုက်ကျော်ခြင်း အားကစားနည်းများကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝူးရှူးနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ အားကစားသမား ၁၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၏ ပြောကြားချက်အရ သိရသည်။
“ဒီနှစ် အာရှအားကစားပြိုင်ပွဲမှာ ပိုက်ကျော်ခြင်း၊ ဝူရှူးနဲ့ နဂါးလှေလှော်ပြိုင်ပွဲ သုံးမျိုးကနေ ဆုတံဆိပ်တွေ ရနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ဦးခွန်ဂျာအောင်က ပြောကြားခဲ့သည်။ (Xinhua)