Connect with us

Media

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် လာမည့် ရက်ပိုင်းအတွင်း အပူချိန် အနည်းငယ် တိုးလာမည်ဟု မိုးဇလ ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

လာမည့် (၂)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေ့အပူချိန်များ အနည်းငယ် တိုးနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဧပြီ ၂ ရက် မွန်းလွဲပိုင်း နေ့စဉ်မိုးလေဝသသတင်းထုတ်ပြန်ချက်အရ သိရသည်။ နေ့အပူချိန်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။ ထူးခြားသည့် နေ့အပူချိန်များအနေဖြင့် ချောက်မြို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်၊ မင်းဘူးမြို့တွင် ၄၃ ဒီဂရီဆဲလ်စီးယပ်နှင့် မြင်းခြံမြို့၊ ညောင်ဦးမြို့၊ တံတားဦး(လေကြောင်းမိုးလေဝသ)၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ပြည်မြို့တို့တွင် ၄၂ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြကြောင်း သိရသည်။ (Xinhua)