Media
၂၀၂၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံက ကူညီပံ့ပိုးသော ပညာသင်ဆုစီမံကိန်းက မြန်မာလူငယ်များကို မြေတောင်မြှောက်ပေး
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
၂၀၂၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများကို ထောက်ပံ့ကူညီခဲ့သည့်၊ တရုတ်နိုင်ငံက ကူညီပံ့ပိုးသော ပညာသင်ဆုစီမံကိန်း လေးနှစ်တာ အကျဉ်းချုပ်သုံးသပ်ခြင်း အခမ်းအနားကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် မေ ၁၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ အဖြူရောင်တီရှပ်များ ဝတ်ဆင်ထားသည့် ကျောင်းသား/ကျောင်းသူများက မီးရောင်ထိန်လင်းနေသော ခန်းမထဲ၌ စုဝေးလျက်ရှိကြသည်။
Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ၏ ငွေကြေးပံ့ပိုးမှု၊ တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်ခဲ့သည့် Bank of China-University of Yangon ပညာသင်ဆုစီမံကိန်း၏ အကျိုးပြုမှုအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည့် အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ပညာသင်ဆုများက ကျောင်းသား/ကျောင်းသူ များစွာအတွက် ငွေကြေးဖိအားများကို လျော့ပါးသက်သာစေခဲ့ပြီး ၎င်းတို့၏ ပညာရေးနှင့် အနာဂတ် အသက်မွေးဝမ်းကျောင်းအတွက် အာရုံစိုက်ကာ ကြိုးစားခွင့်ရရှိစေခဲ့သည်။
“ကျွန်တော် လေးနှစ်ဆက်တိုက် ပညာသင်ထောက်ပံ့ကြေးရရှိခဲ့ပါတယ်” ဟု အသက် ၂၁ နှစ်အရွယ် စတုတ္ထနှစ် engineering physics ဘာသာရပ် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ဟိန်းထက်ဇော်က ပြောသည်။
“အဲဒီထောက်ပံ့ကြေးက ကျွန်တော်တို့မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး လျော့ကျစေခဲ့တယ်။ ကျောင်းလခ၊ ကျူရှင်လခနဲ့ တခြားကုန်ကျစရိတ်တွေအတွက် အဲဒါကို သုံးလို့ရတယ်လေ” ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်တက္ကသိုလ်မှ အသက် ၂၁ နှစ်အရွယ် စတုတ္ထနှစ် သင်္ချာဘာသာရပ်အထူးပြု ကျောင်းသားတစ်ဦးဖြစ်သူ မောင်မျိုးကြည်ကလည်း ၎င်းအနေဖြင့် တက္ကသိုလ်ပထမနှစ်ကတည်းကပင် ပညာသင်ထောက်ပံ့ကြေး ရရှိခဲ့သည်ဟု ဆိုသည်။
“အဲဒါက တော်တော့်ကိုအကျိုးရှိပါတယ်။ အဲဒီထောက်ပံ့ကြေးကြောင့် ပညာရေးအတွက် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်နိုင်တယ်လေ။ ကျွန်တော့်ရဲ့အသုံးစရိတ်၊ ကားခ၊ စာအုပ်ဖိုးနဲ့ တခြားကုန်ကျစရိတ်တွေအတွက် ကာမိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
နောက်ဆုံးနှစ် ဥပဒေဘာသာရပ် ကျောင်းသူတစ်ဦးဖြစ်သူ မပြည့်ဖြိုးသိမ့်အတွက်လည်း အဆိုပါ ပညာသင်ဆုမှာ စိတ်ဓာတ်ခွန်အားဖြစ်စေသည့် အင်အားအရင်းအမြစ်တစ်ခု ဖြစ်လာခဲ့သည်။
“အဲဒီလို ပညာသင်ထောက်ပံ့ကြေးမျိုးက ကျွန်မကို ပိုပြီးကြိုးစားချင်စိတ် ဖြစ်စေတယ်။ ဒီပညာသင်ဆုက ကြိုးစားနေတဲ့ လူငယ်တွေကို အမြဲတမ်း စိတ်ဓာတ်ခွန်အားပေးနိုင်တယ်။ ကျွန်မ ပိုပြီးတော့လည်း ကြိုးစားချင်လာတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ကျောင်းများပြန်ဖွင့်ချိန်တွင် ကျောင်းသား/ကျောင်းသူ အတော်များများမှာ ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ၎င်းက ပြောပြခဲ့သည်။
“အဲဒီလိုအချိန်မျိုးမှာ Bank of China က ပညာသင်ဆုတွေ၊ ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့တာမို့လို့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ ပညာဆက်လက်သင်ကြားဖို့ ခွန်အားတွေဖြစ်စေခဲ့တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ အခမ်းအနား၌ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လွန်ခဲ့သည့်လေးနှစ်အတွင်း အဆိုပါစီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။
“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုဟာ ဆက်လက်နက်ရှိုင်းလာခဲ့ပြီး ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဟာလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိပ္ပာယ်အပြည့်ဝဆုံးနဲ့ အလားအလာအကောင်းဆုံး နယ်ပယ်တစ်ခု ဖြစ်လာပါပြီ” ဟု ၎င်းက ပြောသည်။
“မြန်မာနိုင်ငံအတွက် ပညာရေးဟာ လူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်နေရုံတင်မကဘဲ နိုင်ငံရဲ့ အနာဂတ် လူရည်ချွန်ပျိုးထောင်မှု၊ လူမှုရေးတည်ငြိမ်မှု၊ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုတို့နဲ့ပါ နီးနီးကပ်ကပ် ဆက်နွှယ်နေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
Bank of China အနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရာတွင် အပြုသဘောဆောင်သည့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ စီမံကိန်းသည် အရည်အချင်းပြည့်ဝသော လူငယ်များစွာကို မြေတောင်မြှောက် ပံ့ပိုးပေးရာတွင် အထောက်အကူပြုခဲ့သလို မြန်မာ-တရုတ် ချစ်ကြည်ရေး ခိုင်မာအားကောင်းစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အပြုသဘော အားဖြည့်ပံ့ပိုးပေးခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
Bank of China-University of Yangon ပညာသင်ဆုစီမံကိန်းကို ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ ၁၀၀ ဦး အကျိုးခံစားခွင့် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
