Connect with us

Videos

၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး အလေးထားဆောင်ရွက်ရန်လို

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မကြာခင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ မရှိအောင် ပိုမိုအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း JMC-U (ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဖေဖော်ဝါရီလ ၆ရက်နေ့ JMC-U ၏ နဝမအကြိမ်အစည်းအဝေး ပထမနေ့ တွင် ပြောကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “JMC-U အနေနဲ့ အဓိက တာဝန်ကျတာကတော့ အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုတွေကို မဖြစ်ပွားဖို့အတွက် ဆောင်ကြဉ်းသွားဖို့လိုအပ်သလို ကျွန်တော်တို့တာဝန်ယူရတဲ့ နယ်မြေဒေသအတွင်းမှာလည်း ဖွံ့ဖြိုးတိုးတက်မှုတွေကို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့်တော့ နယ်မြေဒေသတွေမှာ နှစ်ပေါင်း ၆၀ ကျော်ကြာပဋိပက္ခတွေ ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီ့နေရာတွေမှာ မငြိမ်းချမ်းတဲ့ အနေအထားမျိုး ရှိကောင်းရှိနိုင်တယ်။ ဒါတွေကို ကျွန်တော်တို့က နှစ်ဖက်ညှိနှိုင်းပြီးတော့ မှ မြေမြှုပ်မိုင်းတွေ တူးဖော်တာ၊ နှစ်ဖက်ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားဖို့ လိုအပ်ပါတယ်။’’ ဟုပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ၏ နဝမအကြိမ် အစည်းအဝေးအား ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သည်။

JMC-U အစည်းအဝေးအား ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ၃ ရက်တာ ကျင်းပမည့် ထို အစည်းအဝေးတွင် ၂၀၁၆ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် JMC နှစ်ပတ်လည်အစီရင်ခံစာအားတင်ပြခြင်း၊ JMC ၏ လေးလပတ် လုပ်ငန်းအစီအစဉ်အားတင်ပြခြင်း၊ JMC-U ၏ အဌမအကြိမ် နှင့် နဝမအကြိမ် အစည်းအဝေးကြားကာလ အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်များအား ဆွေးနွေးခြင်း၊ နယ်မြေသတ်မှတ်မှုကိစ္စအားဆွေးနွေးခြင်း၊ မိုင်းရှင်းလင်းရေး ကိစ္စအားဆွေးနွေးခြင်း တို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.