Connect with us

Videos

Huawei က ကမ္ဘာ့အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ထုတ်ဖော် ပြသ

ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

Huawei က “အပြည့်အ၀ ချိတ်ဆက်ပြီး အသိဉာဏ် ရှိသော မြန်မာနိုင်ငံ တည်ဆောက်ရေး” ခေါင်းစဉ်ဖြင့် Huawei Myanmar ICT Congress 2019 အား ယနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ထုတ်ဖော် ပြသခဲ့သည်။

Huawei Mate X သည် ခေါက်ထားသည့် အချိန်တွင် ၆.၆ လက်မ အရွယ် ရှိသည့် စမတ်ဖုန်း အဖြစ် အသုံးပြုနိုင်မည် ဖြစ်ပြီး ဖြန့်ချလိုက်သည့် အခါတွင် ၈ လက်မ အရွယ် ရှိသည့် ပါးလွှာသော တတ်ဘလက် အဖြစ်သို့ပြောင်းလဲ အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ပြုလုပ်သော Huawei Myanmar ICT Congress 2019 တွင် Huawei က ကမ္ဘာ့အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အပါအဝင် ၎င်း၏ နောက်ဆုံးပေါ် ထုတ်ကုန် နှင့် ဆန်းသစ်သည့် ICT solutions များကို မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

Huawei က ဆက်သွယ်ရေး လုပ်ငန်းများ ပိုပြီး အောင်မြင်လာအောင် နှင့် အောင်မြင်ရေး နည်းလမ်းသစ်များကို ကူညီ ရှာဖွေပေးရန် ကတိကဝတ် ပြုထားကြောင်း ၊ အဆိုပါ အခွင့်အလမ်း အသစ်များကို အတူရှာဖွေနိုင်ကြရန် Huawei Myanmar ICT Congress 2019 ကို ကျင်းပခြင်း ဖြစ်ကြောင်း Huawei Myanmar ၏ Chief Technology Officer(CTO)ဖြစ်သူ Mr.Jim He က ပြောကြားခဲ့သည်။

Huawei Mate X ကို မြန်မာနိုင်ငံသို့ ယခု ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တင်ပို့ရန် လျာထားကြောင်း ၊ အသေးစိတ် အချက်အလက်များအား ပြန်လည် ကြေညာပေးသွားမည် ဖြစ်ကြောင်း Huawei Device Myanmar ၏ Training Manager ဖြစ်သူ ကိုသက်နိုင်မြင့်က ပြောကြားခဲ့သည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော ကမ္ဘာ့မိုဘိုင်း ကွန်ဂရက်(MWC) တွင် ကမ္ဘာ့ အမြန်ဆုံး 5G Foldable ဖုန်းဖြစ်သော Mate X အား ထုတ်ဖော် ပြသခဲ့ပြီး ကမ္ဘာတစ်လွှားရှိ လူအများ အပြား၏ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း သိရသည်။

Huawei Mate X သည် 4G နှင့် 5G နှစ်မျိုးစလုံးအား ထောက်ပံ့နိုင်မည့် Dual SIM လုပ်ဆောင်ချက် ပါဝင်ပြီး ပါးလွှာသည့် စမတ်ဖုန်း ကိုယ်ထည်ထဲတွင် နောက်ဆုံးပေါ် Leica ကင်မရာများ ပါဝင်လာပြီး အဆင့်မြင့် ပုံရိပ်ပိုင်း ဆိုင်ရာ လုပ်ဆောင်ချက်များအား ပံ့ပိုးပေးနိုင်မည် ဖြစ်ကြောင်း ၊ Foldable ဒီဇိုင်းကြောင့် ပါဝင်သည့် ကင်မရာ စနစ်အား အရှေ့နှင့် အနောက် ကင်မရာ နှစ်မျိုးစလုံး အဖြစ် အသုံးပြုနိုင် စေမည် ဖြစ်ကြောင်း၊

ခေါက်ထားသည့် အခါ မျက်နှာပြင် နှစ်ဖက်နှစ်ချက်လုံးတွင် ရိုက်ကူးနေသည့် ပုံရိပ်အား ပြသနိုင်မည် ဖြစ်ပြီး ရိုက်ကူးခံနေသည့်သူမှလည်း ရိုက်ကူးနေသူ နှင့် အတူတကွ ဓာတ်ပုံ ရိုက်ကူး ဖန်တီးခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံ အများအပြားက 5G ကို စတင် တပ်ဆင် အသုံးပြုရန် ကြိုးစား နေကြပြီး ၂၀၂၀-၂၀၂၁ ခုနှစ်ပိုင်းတွင် မြန်မာနိုင်ငံ၌ 5G ကို စီးပွားရေး အရ အသုံးပြုလာလိမ့်မည်ဟု ခန့်မှန်းရကြောင်း Huawei က ယနေ့ပြုလုပ်သော ကွန်ဂရက် နှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သော ကမ္ဘာ့မိုဘိုင်း ကွန်ဂရက်(MWC) တွင် ပြသခဲ့သည့် တီထွင်ဖန်တီးမှုများကို နိုင်ငံတွင်းရှိ မိုဘိုင်း နယ်ပယ် နှင့် ဆက်စပ် အဖွဲ့အစည်း အားလုံးက ပိုမို နားလည် သိရှိ လေ့လာနိုင်စေရန် ရည်ရွယ်သည့် အဆိုပါ ကွန်ဂရက်ကို Huawei က ၂၀၁၇ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.