Connect with us

Videos

“နှစ်သောင်းကျပ်တန်” ငွေစက္ကူအမျိုးအစားအသစ်ကို ဇူလိုင် ၃၁ ရက်မှစ၍ ထုတ်ဝေမည်

ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ “နှစ်သောင်းကျပ်တန်” ငွေစက္ကူအမျိုးအစားအသစ်ကို ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်မှစ၍ ထုတ်ဝေမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အား ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရေးမှ ယနေ့ ဇူလိုင် ၂၃ ရက်တွင် ထုတ်လွှင့်ကြေညာခဲ့သည်။မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် မွေးဖွားသန့်စင်သည့် ဆင်ဖြူတော်ရတနာ”ရဋ္ဌနန္ဒက” ၏ တစ်နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းထုတ်ပြန်ခဲ့သည်ဟု ထုတ်လွှင့်မှုတွင် ဖော်ပြထားသည်။

ယင်းငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်ဝေသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲရန် မသင့်သော ငွေစက္ကူအမျိုးအစား အသီးသီးနှင့် တန်ဖိုးတူလဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ၊ ကနဦးအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော် ၊ ရန်ကုန်ဘဏ်ခွဲ နှင့် မန္တလေးဘဏ်ခွဲတို့တွင်သာ ဟောင်းနွမ်းငွေစက္ကူများနှင့် တန်ဖိုးတူ လဲလှယ်ပေးမည် ဖြစ်ပါသည်။ လက်ရှိတရားဝင် လှည့်လည်သုံးစွဲနေသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင် သုံးစွဲငွေအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ငွေစက္ကူအသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ “နှစ်သောင်းကျပ်တန်” ငွေစက္ကူ အရွယ်အစား အလျား ၁၅ စင်တီမီတာ နှင့် အနံ ၇ စင်တီမီတာ ၊ ပေါ်လွင်သော အရောင် အစိမ်းနုရောင် ၊ မျက်နှာစာဘက် “နှစ်သောင်းကျပ်တန်” ငွေစက္ကူ၏ ထိပ်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာတန်း ရိုက်နှိပ်ထားပါသည်။ မျက်နှာစာဘက် အလယ်ပိုင်းတွင် မြန်မာ့အနုပညာလက်ရာမြောက် ရတနာဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ လက်ယာဘက်တွင် ငွေစက္ကူတန်ဖိုးကို မြန်မာစာသားဖြင့် နှစ်သောင်းကျပ်ဟု ဖော်ပြထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို မြန်မာ ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူနံပါတ်ကို မြန်မာအက္ခရာ ၊ မြန်မာဂဏန်းဖြင့် အလျားလိုက် ၊ အင်္ဂလိပ်အက္ခရာ ၊ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ၏ လက်ဝဲဘက်တွင် ရတနာဆင်ဖြူတော် ဦးခေါင်းပုံ ရေစာ ပါရှိပါသည်။ ငွေစက္ကူ၏ ဘယ်ညာအစွန်းများတွင် အမြင်အာရုံ ချို့ယွင်းသူများ အထိအတွေ့ဖြင့် အာရုံခံသိရှိနိုင်သော မျဉ်းတို ၁၂ ချောင်းစီကို ရိုက်နှိပ်ထားကြောင်း သိရသည်။

“နှစ်သောင်းကျပ်တန်” ငွေစက္ကူ၏ ကျောဘက်တွင် စစ်ကိုင်းတံတားပုံနှင့် ဧရာဝတီ တံတား ရတနာပုံအား ရိုက်နှိပ်ထားပြီး အပေါ်ပိုင်းတွင် CENTRAL BANK OF MYANMAR စာတန်း ၊ အောက်ပိုင်းတွင် TWENTY THOUSAND KYATS ဟူသောစာတန်းများ ရိုက်နှိပ်ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးများကို မြန်မာ ၊ အင်္ဂလိပ် ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။ နောက်ကျောဘက်တွင် ရှုထောင့်အမျိုးမျိုးမှ ပြောင်းလဲကြည့်လျှင် ရွှေရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသော လုံခြုံရေးကြိုးကို ဒေါင်လိုက် မြှုပ်နှံထည့်သွင်းထားကြောင်း သိရသည်။ (Xinhua)