Connect with us

Politics & Security

Black Monday လှုပ်ရှားသူများအား ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းခဲ့ခြင်း အပေါ် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ကာကွယ်ပြောကြား

ကမ္ဘောဒီးယား နိုင်ငံBlack Monday လှုပ်ရှားမှု ဆန္ဒပြသူ တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များ က ဖမ်းဆီးနေစဉ် (ဆင်ဟွာ)

ဖနွမ်းပင် ၊ မေ ၁ဝ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယား နိုင်ငံတွင် မှောင်မိုက်သော တနင်္လာ (Black Monday) လှုပ်ရှားမှု ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းခဲ့ခြင်း အပေါ် နိုင်ငံ တည်ငြိမ်အေးချမ်းစေရန် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ရခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က မေလ ၁ဝ ရက်တွင် ကာကွယ် ပြောကြား လိုက်သည်။

၂ဝ၁၆ ခုနှစ် မေလ ၉ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့စွန်ရှိ Prey Sar အကျဉ်းထောင်ရှေ့၌ အမဲရောင် ဝတ်စုံများ ဝတ်ဆင်ကာ ဆန္ဒပြ ချီတက်ခဲ့ကြသည့် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူနှင့် မြေယာအခွင့် အရေး တက်ကြွလှုပ်ရှားသူ ၄ဝ ဦးအား ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း ၊ Licadho လူ့အခွင့်အရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး အပါအဝင် Licadho အတွက် အလုပ်လုပ်ပေးနေသည့် ဆွီဒင် အမျိုးသမီးတစ်ဦး နှင့် ဂျာမနီ အမျိုးသား တစ်ဦးအပါအဝင် လူပေါင်း ၈ ဦးအား ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဖမ်းဆီးထားသူများအား တရားမဝင် ဆန္ဒပြပွဲများ နောက်ထပ် တစ်ကြိမ် ထပ်မလုပ်ရန် ကတိ ခံဝန်ချက်များ ထိုးခိုင်းပြီး တနင်္လာနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
၎င်းတို့အဖွဲ့သည် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်ဖြင့် လွန်ခဲ့သော ၂ လ က ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသည့် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ၅ ဦးအား ပြန်လွှတ် ပေးရန် အစိုးရအား တောင်းဆိုဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ကမ္ဘောဒီးယား အစိုးရအဖွဲ့ကမူ ဆန္ဒပြသူများသည် နိုင်ငံတွင်း မတည်ငြိမ်မှု ဖြစ်အောင် လှုံ့ဆော်နေကြခြင်းသာ ဖြစ်ကြောင်း တုံ့ပြန် ပြောကြား ခဲ့သည်။
“နိုင်ငံရေး တည်ငြိမ်ဖို့နဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့က အစိုးရရဲ့တာဝန်ပဲ။ အမှားအယွင်း လုပ်ထားတဲ့ လူတွေဟာ ဥပဒေအရ မဖြစ်မနေ တာဝန်ယူ ရပါမယ်” ဟု တက္ကသိုလ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဝန်ကြီးချုပ် ဟွန်ဆန်က ထည့်သွင်း ပြောကြားခဲ့သည်။
“သူတို့ဘာအဝတ်အစားပဲ ဝတ်ဝတ် ကိစ္စမရှိဘူး။ တကယ်လို့ဥပဒေကို ချိုးဖောက်ရင်တော့ ဥပဒေအရ အရေးယူခြင်းတော့ ခံရမှာပဲ” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ ထို့ပြင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ဆန္ဒပြခြင်းကို အစိုးရမှ ဖိအားပေးရန် အစီအစဉ် မရှိကြောင်းနှင့် ဆန္ဒပြသူများ အနေဖြင့် ဆန္ဒပြခြင်းထက် ထူးချွန် ထက်မြက်သော ရှေ့နေများကို ငှားရမ်းပြီး တရားရုံးတွင် အမှုအတွက် ခုခံကာကွယ်မှုများ ပြုလုပ်ခြင်းက ပို၍ အကျိုးရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် မှောင်မိုက်သော တနင်္လာ လှုပ်ရှားမှုအတွက် တီရှပ်အင်္ကျ ီ စပွန်ဆာပေးခဲ့သူမှာ မည်သူမည်ဝါဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ၎င်းစပွန်ဆာပေးသူအား ဝန်ကြီးချုပ်ဟွန်ဆင်က သတိပေးစကားပြောဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.