Connect with us

Politics & Security

ကနဦး မဲရလဒ်များ အရ ဖိလစ်ပိုင် သမ္မတသစ် ရွေးကောက်ပွဲတွင် Rodrigo Duterte အနိုင်ရ

ဖိလစ်ပိုင် သမ္မတသစ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသူ Rodrigo Duterte က ၎င်း၏ မဲရလဒ်များအား ကြည့်ရှုနေစဉ် (ဆင်ဟွာ)

မနီလာ ၊ မေ ၁ဝ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Davao မြို့တော်ဝန် Rodrigo Duterte သည် ၂၀၁၆ ခုနှစ် ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း မေလ ၁ဝ ရက် နံနက် ၂.ဝဝ အထိ ရေတွက်ပြီးသော မဲစာရင်းများနှင့် အတည် မပြုရသေးသော မဲရလဒ်များ အရ သိရသည်။

လက်ရှိအချိန်ထိ Duterte သည် ခိုင်လုံမဲ ၁၄,၄၉၉,၃၉၆ မဲရရှိထားပြီး ရာခိုင်နှုန်းအားဖြင့် ၈၇ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေကြောင်း နှင့် ၎င်း၏နောက်တွင် ခိုင်လုံမဲ ၈,၆၈ဝ,၂ဝ၃ မဲ ဖြင့် Manuel Roxas က ဒုတိယနေရာဖြင့် ကပ်လျက် ရှိနေကြောင်း တစ်စိတ်တစ်ပိုင်း ရေတွက်ပြီးသော မဲရလဒ်များအရ သိရသည်။
Roxas သည် ကျန်ရှိနေသေးသည့် မရေတွက် ရသေးသော ခိုင်လုံမဲအားလုံးကို အနိုင်ရစေကာမူ Duterte အား ဖြတ်ကျော်ရန် မလွယ်ကူတော့ပေ။
“Duterte ရဲ့အောင်မြင်မှု အတွက် စိတ်လှုပ်ရှား မိပါတယ်။ သူ့အပေါ် အကောင်းမြင်စိတ်တွေက လှုံ့ဆော် နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူဟာ Davao မြို့တော်ဝန် အဖြစ် အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သလို ရည်မှန်းချက် ခိုင်မာတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေလို့ပါပဲ” ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ နှင့် ဆောင်းပါးရှင် တစ်ဦးဖြစ်သည့် Wilson Lee Flores က ပြောသည်။
Duterte သမ္မတ ဖြစ်လာပါက ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် လျစ်လျူရှု ခံထားရသော ၊ သဘာဝ အရင်းအမြစ် ကြွယ်ဝသော ၊ လက်နက်ကိုင် ပုန်ကန်မှုများ ဖြစ်ပွားနေသော ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Mindanao ဒေသမှ ပထမဆုံး ပေါ်ထွက်လာမည့် သမ္မတ တစ်ဦးဖြစ်လာမည်ဟု Flores ကပြောသည်။
မဲရလဒ် တတိယ နေရာတွင် ဦးဆောင်နေသည့် Grace Poe က Quezon မြို့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရွေးကောက်ပွဲ၌ Duterte အား ရှုံးနိုမ့်ကြောင်း ဆောလျင်စွာ ဝန်ခံထားပြီး ဖြစ်သည်။ ဇွန်လ ၃ဝ ရက်တွင် သက်တမ်းကုန်ဆုံးမည့် လက်ရှိ သမ္မတ ဘန်ကွီနို အာကွီနို ၏ နေရာအား ဆက်ခံရန် သမ္မတလောင်း ၅ ဦး အပြိုင် ဝင်ရောက် အရွေးခံလျက် ရှိသည်။
ဖိလစ်ပိုင် ပြည်သူ ၅၅ သန်းသည် ရွေးကောက်ပွဲတွင် မဲပေးရန် မှတ်ပုံတင်ထားကြရာ မဲပေးခွင့်ရှိသူ စုစုပေါင်း ၈၁.၆၂ ရာခိုင်နှုန်းဖြင့် အများဆုံး မဲပေးသည့် စံချိန်သစ် တစ်ရပ် ဖြစ်ကြောင်း ဖိလစ်ပိုင် ရွေးကောက်ပွဲ ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.