Connect with us

China

မာကဲ၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုက ထိပ်ဆုံးမှာရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာမာကဲ တို့ ပေကျင်းတွင် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲ တို့ တွေ့ဆုံ ဆွေးနွေးအပြီးတွင် Airbus ကုမ္ပဏီမှ လေယာဉ် အစီး ၁၃၀ တရုတ်နိုင်ငံ ဝယ်ယူခြင်း အပါအဝင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ၁၃ ခုအား ဝန်ကြီးချုပ် နှစ်ဦး၏ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

လေယာဉ် ဝယ်ယူမှု စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ရှိပြီး ယင်းစာချုပ်သည် ဥရောပ ဖက်စပ် Airbus လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီနှင့် ချုပ်ဆိုသော တရုတ်နိုင်ငံ၏ အကြီးဆုံး ဝယ်ယူမှုလည်း ဖြစ်သည်။

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် မာကဲသည် အောက်တိုဘာလ ၂၉ ရက်နေ့ အစောပိုင်းတွင် ပေကျင်းသို့ရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံသို့ ရှစ်ကြိမ်မြောက်ရောက်ရှိခဲ့ခြင်း ဖြစ်သလို အနောက်နိုင်ငံ ခေါင်းဆောင်များအကြား တရုတ်နိုင်ငံ သို့ မကြာခဏ ရောက်လေ့ရှိသူတစ်ဦးလည်း ဖြစ်သည်။

“တရုတ်နှင့် ဂျာမန်ခေါင်းဆောင်များအကြား နီးကပ်စွာ ဆက်သွယ် မှုတွေနဲ့ အပြန်အလှန် ချစ်ကြည်ရေး ခရီးတွေက ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို ထုတ်ဖော် ပြသလိုက်ခြင်းလဲ ဖြစ်တယ်” ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မာကဲနှင့် တွေ့ဆုံစဉ်တွင် ပြောသည်။

နှစ်နိုင်ငံလုံး အနေဖြင့် ခိုင်မာသော ယုံကြည်မှု၊ သက်ဆိုင်ရာအလိုက် အချက်အချာကျသော အကျိုးစီးပွားများ နှင့် အဓိကကျသော ကဏ္ဍများ၊ ငွေရေးကြေးရေး၊ မြို့ပြ၊ လယ်ယာစိုက်ပျိုးရေး၊ လျှပ်စစ်ယာဉ်၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး၊ ယဉ်ကျေးမှုနှင့် ပုံမှန် အခွင့်အရေး မရရှိသော ဆင်းရဲချို့တဲသူများအား ကာကွယ်ရေး စသည်တို့တွင် ပူးပေါင်းဆောင်ရွက်ရန် လုပ်ငန်းစဉ်သစ်များ အောင်မြင်စေရန် လုပ်ဆောင်သွားမည်ဟု ရှီက ပြောကြားခဲ့သည်။

တရုတ်နှင့် ဥရောပ သမဂ္ဂ လူ့အရင်းအမြစ် ဖလှယ်ရေးနှင့် တရုတ်-ဥရောပသမဂ္ဂ ရင်းနှီးမြှပ်နှံမှု သဘောတူစာချုပ် ညှိနှိုင်းမှု အရှိန်မြှင့်တင်ရာတွင် ဂျာမနီနိုင်ငံ အနေဖြင့် ကူညီရန် ရှီက တိုက်တွန်းလိုက်သည်။မာကဲ ကလည်း နှစ်နိုင်ငံ ကုန်သွယ်မှု၊ စက်မှုလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ရန်နှင့် တရုတ် နိုင်ငံမှ အဆိုပြုထားသော ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းနှင့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ်တွင် ပါဝင်ရေး စသည်တို့အား ဆွေးနွေးခဲ့သည်။

အောက်တိုဘာလ ၃၀ ရက် (သောကြာ) နေ့တွင် မာကယ်သည် ဝန်ကြီးချုပ် လီနှင့်အတူ အန်ဟွေ့ပြည်နယ်ရှိ ဟီဖေ့သို့ သွားရောက် လည်ပတ်ပြီး ဒေသခံမိသားစု တစ်စုနှင့် ကျေးရွာ စာသင်ကျောင်းသို့ သွားရောက်လည်ပတ် မည် ဟုမျှော်လင့်ရသည်။

လီအနေဖြင့် ပြည်ပနိုင်ငံ ခေါင်းဆောင်တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ ဇာတိဒေသ အား အလည်အပတ်ခေါ်ခြင်း ဖြစ်သည်။

ဂျာမနီနိုင်ငံသည် ဥရောပဒေသ၌ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများတွင် တရုတ် နိုင်ငံ၏ အကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံကလည်း ဥရောပ သမဂ္ဂ ပြင်ပ၌ ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်သည်။

တရုတ်-ဂျာမနီ နှစ်နိုင်ငံ ကုန်သွယ်မှု သည် ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇၇.၈ ဘီလီယံ အဖြစ် အမြင့်ဆုံး ကုန်သွယ်မှု မှတ်တမ်းဝင်ခဲ့ပြီး တရုတ်-အီးယူ ကုန်သွယ်မှု ပမာဏ၏ ၃၀ ရာခိုင်နှုန်း ရှိပါသည်။တရုတ်-ဂျာမနီ စီးပွားလုပ်ဆောင်မှုသည် တရုတ်-အီးယူ ဆက်ဆံရေးတွင် ဦးဆောင်မှု အခန်းမှ ပါဝင်နေ သည်။ (Xinhua)