Connect with us

Local

မောင်တောမြို့ ပြန်လည်ထူထောင်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ကညင်ချောင်းစီးပွားရေးဇုန်က အချက်အချာကျဟုဆို

ကညင်ချောင်းစီးပွားရေးဇုန်သို့ ကုန်သည်စက်မှုအသင်းချုပ်မှ သွားရောက်လေ့လာစဉ်(ဓာတ်ပုံ- ကုန်သည်စက်မှုအသင်းချုပ်)

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဝန်းကျင်ဒေသများ၏ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် ကညင်ချောင်းစီးပွားရေးဇုန်က အချက်အချာကျကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ် အနောက်မြောက်ဘက် ၂ မိုင်ခန့်သာဝေးနတ်မြစ်နှင့် ကညင်ချောင်းစုံရာအရပ်တွင် သတ်မှတ်အခြေချထားသည့် ကညင်ချောင်းစီးပွားရေးဇုန်နေရာသည် တစ်ဖက်နိုင်ငံဆိပ်ကမ်းနှင့် (၄) မိုင်ခန့်သာ ကွာဝေးသည့်အပြင် ဆိပ်ခံတံတားရေစူးနက်သည့်အတွက် တန်ချိန်မြင့် သင်္ဘောများ (၂၄) နာရီ ဆိုက်ကပ်နိုင်ခြင်းကြောင့် မောင်တောဒေသဖွံ့ဖြိုးရေးအတွက် အချက်အချာကျသည့်နေရာဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူများက လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။

ကုန်သည်စက်မှု အသင်းချုပ်အနေနှင့် လည်း ကညင်ချောင်းစီးပွားရေးဇုန် အလျင်အမြန် အကောင်အထည်ပေါ်နိုင်ရေးအတွက် လျှပ်စစ်မီးရရှိရေး၊ ဇုန်တွင်းလမ်းများ ဖောက်လုပ်ရေး၊ လုပ်သားအိမ်ခန်းများနှင့် စားသောက်ဆိုင်များ စနစ်တကျ တည်ဆောက်ရေးတို့ကို UEHRD (ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေး၊ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ရခိုင်ပြည်နယ်အစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဒေသခံပုဂ္ဂလိကကဏ္ဍတို့အကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးဇုန်တည်ဆောက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ အစိုးရ ၆၀ရာခိုင်နှုန်း၊ ပုဂ္ဂလိက ၄၀ရာခိုင်နှုန်း ကျခံတည်ဆောက်မည်ဖြစ်ကြောင်း၊၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှစတင်ကာ အစိုးရက ကျပ်သိန်း ၆၀၀၀၊ ပုဂ္ဂလိကကဏ္ဍမှ ကျပ်သိန်း ၄၀၀၀၊ စုစုပေါင်း သိန်းတစ်သောင်းဖြင့် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရက ကျပ်သိန်း ၁၅,၀၀၀၊ ပုဂ္ဂလိကကဏ္ဍမှ ကျပ်သိန်း ၇၀၀၀၊ စုစုပေါင်း ကျပ်သိန်း နှစ်သောင်းနှစ်ထောင်ဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.