Connect with us

Local

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပမည်

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေးကျင်းပစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာ ၆ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတက်ရောက် အမှာစကားပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်သည် ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝ သယံဇာတများ အရင်းအမြစ်များပေါကြွယ်ဝသည့် ပြည်နယ် တစ်ခု ဖြစ်ကြောင်း၊ အဆိုပါ အခြေခံကောင်းများကို ပြည်နယ် နှင့် ဒေသခံပြည်သူများအတွက် မှန်ကန်ထိရောက်စွာ အသုံးပြု၍ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှုတို့ကို မိမိတို့အနေဖြင့် မဖြစ်မနေ ကြိုးပမ်းဖော် ဆောင်သွားရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုတို့သည် အမြဲတမ်းတွဲလျက်ရှိပြီး တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်နယ် အနေဖြင့် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုနှင့်အတူ တစ်နိုင်ငံ လုံး၏ ဝိုင်းဝန်းကူညီမှုကြောင့် သိသာထင်ရှားသည့် ဖွံ့ဖြိုး တိုးတက်မှုများကို ရရှိနေပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ကျင်းပဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။(Xinhua)