Connect with us

Local

ကချင်ပြည်နယ် အတွင်း ရွှေထွက်ရှိမှု ပိုမို နည်းပါးလာပြီး တစ်ပိုင်တစ်နိုင် လုပ်ကွက်များ အရှုံးများ


မြစ်ကြီးနား ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် အတွင်း ရွှေထွက်ရှိမှုမှာ ယခုအခါ အလွန် နည်းပါးလာပြီး တစ်ပိုင်တစ်နိုင် ရွှေကျင်တူးဖော်သူများ မရှိသလောက် နည်းလာကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ဆုံ ဧရိယာတဝိုက် ခါပါရွှေမှော် လုပ်ကွက်တွင် တစ်ပိုင်တစ်နိုင် ရွှေကျင် ရှာဖွေ လုပ်ကိုင်နေသူ ကိုသိန်းမိုးက “အခုချိန်က အရင် ၂၀၁၀ -၂၀၁၁ က အခြေအနေနဲ့ မတူတော့ဘူး။ ရွှေကလဲ ရှာရတာ ခက်လာတယ်။ ပစ္စည်းဖိုး၊ အလုပ်သမားစရိတ် နဲ့ စားစရိတ်နဲ့ တနေ့ရွှေပြန်ရတဲ့ အနေအထားက မကိုက်တော့ဘူး။ အခု ဒီလုပ်ကွက်က အဆင်မပြေတော့ရင်တော့ ရှမ်းပြည်ဘက်ပဲ ပြောင်းရှာတော့မှာ” ဟု ပြောသည်။

ကချင်ပြည်နယ် မြစ်ဆုံ ဧရိယာတဝိုက် တစ်ပိုင်တစ်နိုင် ရွှေရှာ ဖွေတူးဖော်သူများ (ဆင်ဟွာ)

ယခင် ၂၀၀၆-၂၀၀၇ ခုနှစ်က ကချင်ပြည်နယ်အတွင်း ရွှေထွက်ရှိမှုများခဲ့ရာ တစ်ပိုင်တစ်နိုင် ရွှေရှာ ဖွေတူးဖော်သူများ ၊ ကုမ္ပဏီ လုပ်ကွက်များ အများအပြား ဝင်ရောက် လုပ်ကိုင်လာခဲ့သည်။ ၂၀၁၁ ခုနှစ်နောက်ပိုင်း ရွှေလုပ်ကွက်များ တဖြည်းဖြည်း ရှားပါးလာခြင်း ၊ ရွှေထွက်ရှိမှု နည်းပါးလာခြင်းများကြောင့် တွက်ချေမကိုက်ဘဲ ဆုံးရှုံးမှု များလာခြင်းကြောင့် တစ်ပိုင်တစ်နိုင် ရွှေကျင်တူးဖော်သူ မရှိသလောက် နည်းလာကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ ကချင်ပြည်နယ်သို့ ရွှေလာရောက် ရှာဖွေသော ရခိုင်ပြည်နယ်မှ ကိုညွှန့်မောင်က “ကျွန်တော် စရောက်တဲ့ အချိန်က ဒီဒေသမှာ ရွှေကထွက်တာ နည်းသွားပေမယ့် ရတော့ ရသေးတယ် ပြောရမှာပေါ့။ အဲဒီနောက်ပိုင်း ရှာရတဲ့ နေရာတွေက မရှိသလောက် နည်းလာပြီး တနေ့မှ ရွေး ၃၀ လောက် ရတာတွေ အဲဒီထက် နည်းပြီး မရတဲ့နေ့တွေများလာတော့ ရှိသမျှ စက်ပစ္စည်းတွေရောင်းပြီး အခု စက်လှေ ပြောင်းပြီး မောင်းနေတာပါ “ဟု ပြောသည်။

ယခင်က ကချင်ပြည်နယ် မြစ်ဆုံဧရိယာ တဝိုက် ရွှေကျင် ရှာာဖွေသည့် လုပ်ကွက်များမှာ ရာဂဏန်း နီးပါးထိ ရှိရာမှ ယခုအခါ တစ်ပိုင်တစ်နိုင် ရွှေကျင်ရှာဖွေသည့် လုပ်ကွက် ၂၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။ (Xinhua)