Connect with us

Local

စစ်မှန်သော စိတ်ဓာတ်၊ ညီညွတ်သောအင်အားတို့ဖြင့် ရပ်တည်ကြရန် နိုင်ငံတော် အတိုင်ပင်ခံ တိုက်တွန်း

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့  အစည်းအဝေးခန်းသို့  ရောက်ရှိစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်အတွက် စစ်မှန်သော စိတ်ဓာတ်၊ ညီညွတ်သော အင်အား တို့ဖြင့် ရပ်တည်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့သည်။

“ကမ္ဘာ့အလယ်မှာ တင့်တင့်တယ်တယ်နိုင်ငံ တစ်ခုအဖြစ်ရပ်တည်ဖို့အတွက် ဓနအင်အား လိုပါတယ်၊ ဓနအင်အား ရှိသင့်သလောက် မရှိသေးတဲ့ အချိန်မှာ ကျွန်မတို့ဟာ စိတ်ဓာတ်အင်အားနဲ့ ညီညွတ်မှု အင်အားနဲ့ ရပ်တည်သွားရမှာပါ။ ဒါကြောင့်မို့လို့ ဒီအချိန်မှာ ကျွန်မတို့ စီးပွားရေး လုပ်ငန်းရှင်များ အားလုံးဟာ နိုင်ငံ့အတွက် စစ်မှန်တဲ့ စေတနာနဲ့ စိတ်ဓာတ်အင်အားနဲ့ ညီညွတ်မှု အင်အားနဲ့သာမက ဉာဏ်ပညာ အင်အားနဲ့ပါ ရပ်တည်ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ဉာဏ်ပညာ အင်အားဆိုတာ က ကျွန်မတို့နိုင်ငံအတွက် ဖွံ့ဖြိုး တိုးတက်မှု တကယ်ရေရှည် တည်တံ့ခိုင်မြဲနိုင်အောင် ဘယ်လို လုပ်ရမလဲဆိုတဲ့ အဖြေရအောင်လို့ ဉာဏ်ပညာ သုံးပြီးတော့ ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ယနေ့ညနေ MICC I တွင် ပြုလုပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

စီးပွားရေး လုပ်ငန်းရှင်တစ်ဦး မေးခွန်းများ မေးမြန်းနေစဉ် (ဆင်ဟွာ)

မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စကားဝိုင်း ကျင်းပစဉ် (ဆင်ဟွာ)

စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်သော စီးပွားရေး တိုးတက်စေသော စနစ်တစ်ခု (Myanmar Sustainable development plan) ကို ဝိုင်း ဝန်း ကူညီပြီး အကောင်အထည်ဖော်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း၊ ပွင့်လင်းစွာဖြင့် စေတနာကို အရင်းခံပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများကို တိုက်ရိုက် ချိတ်ဆက်ထိတွေ့ကာ အကြံပေးကြစေလို ကြောင်း၊့နိုင်ငံအတွက် လူတိုင်းလုူတိုင်းမှာ လုပ်ပေးနိုင်သည့် အရည်အချင်း ရှိသကဲ့သို့ လူတိုင်း လူတိုင်းဟာ လုပ်ပေးရမယ့် တာဝန်လည်း ရှိကြောင်း၊ ငြိမ်းချမ်းရေးရဖို့အတွက် တည်ငြိမ်ရေး ရဖို့အတွက် ဝိုင်းပြီးတော့ ကူညီကြစေလိုကြောင်း၊ ထိုသို့ ကူညီခြင်းသည် နိုင်ငံ တိုးတက်ရေး နိုင်ငံ အောင်မြင်ရေးအတွက် ဖြစ်ပြီး အစိုးရ တစ်ရပ် တိုးတက်ရေး အောင်မြင်ရေး အတွက် မဟုတ်ကြောင်း၊ ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် အားလုံး ညီညီညွတ်ညွတ်ဖြင့် လက်တွဲပြီး လုပ်ဖို့ လိုကြောင်း၊ ခရိုနီ ခရိုဝါ အရောင်မျိုးစုံ ပြောနေစရာ မလိုဘဲ ရှေ့ကို တိုးတက်ဖို့ တစ်ယောက်နှင့် တစ်ယောက် ယုံယုံကြည်ကြည်၊ တစ်ယောက်ကို တစ်ယောက် သစ္စာစောင့်ပြီးဆောင်ရွက်ကြစေလိုကြောင်း၊ တစ်ယောက်ကို တစ်ယောက် သစ္စာ စောင့်ခြင်းသည် နိုင်ငံအပေါ်မှာ သစ္စာ စောင့်ခြင်းသာ ဖြစ်ကြောင်း၊ နိုင်ငံအပေါ် သစ္စာ စောင့်သိပါက မတိုးတက်နိုင်စရာ ဘာမျှမရှိကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံက ပြောခဲ့သည်။

ထို့အပြင် “ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တချို့ကတော့ ကျွန်မတို့ အစိုးရကို မအောင်မြင် စေချင်ဘူးပေါ့နော်။ ဒီလိုစိတ်မျိုးတွေ မထားပါနဲ့ ။ ဒါ ကျွန်မတို့အစိုးရ အောင်မြင်ဖို့အတွက် လုပ်နေတာမဟုတ်ပါဘူး၊ နိုင်ငံအောင်မြင်ဖို့ အတွက် လုပ်နေတာပါ။ နိုင်ငံအောင်မြင်ရင် အစိုးရ အောင်မြင်တယ်၊ နိုင်ငံ မအောင်မြင်ဘဲနဲ့ အစိုးရ တစ်ခု အောင်မြင်တယ်လို့ဘယ်တော့မှ ပြောလို့ မရပါဘူး၊ အစိုးရ မအောင်မြင်အောင် လုပ်တယ်ဆိုတာ တစ်နည်းအားဖြင့် နိုင်ငံ မအောင်မြင်အောင် လုပ်တာပါပဲ။ အောင်မြင်တယ်ဆိုတာက ဘာလဲ ဆိုတာကို မှန်မှန်ကန်ကန် သိဖို့တော့ လိုတာပေါ့။ အောင်မြင်တယ် ဆိုတာ အစိုးရအဖွဲ့ ချမ်းသာလာ တာကို ပြောတာ မဟုတ်ပါဘူး၊ ပြည်သူလူထု ချမ်းသာလာတာကို ပြောတာပါ။ အစိုးရအဖွဲ့ လုပ်ဖို့ ကိုင်ဖို့လွယ်ကူတာကို ပြောတာ မဟုတ်ပါဘူး၊ ပြည်သူ လူထု လုပ်ရ ကိုင်ရ နေရထိုင်ရ ချောမွေ့လွယ်ကူတာ ကို ပြောတာပါ။ ဒါကြောင့်မို့လို့ ကျွန်မတို့နိုင်ငံ အောင်မြင်ဖို့အတွက် ဝိုင်းပြီးတော့ ကူညီကြပါ” ဟုလည်း သူမက ပြောခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင်များ စိုးရိမ်ပူပန်လျက်ရှိသည့် အဂတိ လိုက်စားမှုများနှင့် ပတ်သက်ပြီး သူမက “စီးပွားရေးလုပ်ငန်းရှင်များဟာ အဂတိလ ိုက်စားမှုကို မနှစ်သက်ဘူး ဆိုတာဟာ ကျွန်မတို့နိုင်ငံ အတွက် ကောင်းတဲ့ လက္ခဏာပါ။ ဒါပေမယ့်လည်း တချို့ကိစ္စတွေဟာ စီးပွားရေး လုပ်ငန်းရှင်တွေ ဘက်ကနဲ့ ဆိုင်ပါတယ်။ ဥပမာအားဖြင့် လာဘ်ပေး လာဘ်ယူမှုဆိုတာဟာ ယူတဲ့ လူပဲ ရှိတာမှ မဟုတ်ဘဲ ပေးတဲ့လူတွေလည်း ၇ှိနေတာပါပဲ။ ပေးတဲ့ လူတွေက မပေးလို့ရှိရင် ယူတဲ့လူ ၇ှိနိုင်မလား၊ အဲ တချို့က ပြောမှာပေါ့— မပေးလို့ရှိရင် အလုပ် မဖြစ်ဘူးလို့။ ဒီလိုမပေးလို့ အလုပ်မဖြစ်ဘူးဆိုရင် ကျွန်မတို့ကို တရားဝင် ပြောလို့ ရပါတယ်၊ တိုင်လို့ ရပါတယ်၊ ကျွန်မတို့ အရေးယူမှာပါ၊ မသိ ကျိုးကျွန် လုပ်နေမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် တိုင်တဲ့လူ မရှိရင် အရေးယူရတာ ခက်ပါတယ်။ အများအားဖြင့် ပြောကြတာက ဝန်ထမ်းတွေ အဂတိ လိုက်စားမှု အင်မတန်များတယ် ဆိုတာ၊ ဝန်ထမ်းတွေ အားလုံး ဘာလုပ်နေလဲ ဆိုတာကို အစိုးရအနေနဲ့ သိဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ပါဘူး၊ အားလုံးကနေပြီး ပြည်သူတွေထဲကနေပြီး ဝိုင်းပြီး ပြောပြမှ သိရမှာပါ။ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့လည်း ဒီဟာနဲ့ ပတ်သက်လို့ ကူညီစေချင်ပါတယ်။ ပထမဦးဆုံံး ကျွန်မတို့ နိုင်ငံဟာ စီးပွားရေးအရ အဂတိ လိုက်စားမှု ကင်းတဲ့ နိုင်ငံ ဖြစ်လာမယ် ဆိုရင် ကမ္ဘာကနေပြီးတော့ ကျွန်မတို့နိုင်ငံကို ယုံကြည်စွာနဲ့ ဒီမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာမှာပါ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ကျွန်မတို့နိုင်ငံမှာ မလိုအပ်တဲ့ ကြိုးနီ စနစ်တွေ ရှိတယ်၊ လုပ်ရတဲ့ အဆင့်တွေက သိပ်များတယ် ဆိုပြီးတော့ UMFCCI က မကြာခင်တုန်းက ထွက် လာတဲ့ တင်ပြချက်ထဲမှာလည်း ပါပါတယ်။ အဲဒီတော့ ဒီလိုဟာမျိုးတွေကို လျှော့ပြီး မြန်မြန် ဆန်ဆန် အလုပ်တစ်ခုကို ပြီးမြောက်နိုင်အောင် လုပ်ပေးဖို့ ဆိုပြီးတော့ တင်ပြလာတာတွေ ပါပါတယ်။ ကျွန်မ တို့ စီမံ ဘဏ္ဍာ ဝန်ကြီးဌာနနဲ့ MIC ကနေပြီးတော့ မြန်မြန်ဆန်ဆန် အလုပ်တွေ ပြီးနိုင်ဖို့အတွက်ကို အထူး အလေးထားပြီး ဆောင်ရွက်နေပါတယ်။ အရင်တုန်းကလို ကိစ္စတစ်ခု ပြီးဖို့ဟာ အကြာကြီး စောင့်ရတာမျိုး မဟုတ်ဘဲနဲ့ နောက်ပြီးတော့ မလိုအပ်တဲ့ အဆင့် တွေမှာ ပိတ်ဆို့နေမှုတွေ မဖြစ် အောင်လို့ ကျွန်မတို့ ဒါတွေကိုလည်း စီစဉ်နေပါတယ်၊ အဲဒါတွေနဲ့ ပတ်သက်လို့ ဘယ်နေရာ မှာဖြင့် အပိတ်အဆို့တွေ ဖြစ်နေပါတယ်ဆိုတာကို ကျွန်မတို့ကိုလည်း အသိပေးသောအားဖြင့် ကူညီပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ လက်တွေ့ကျသော စီးပွားရေးလုပ်ငန်းများ ချိတ်ဆက် ဖော်ဆောင်ကြရေးနှင့် ပတ်သက်ပြီး “ကျွန်မတို့နိုင်ငံကို စီးပွားရေး ပုံစံအရ ဘယ်လို ပုံစံနဲ့ နိုင်ငံမျိုး ဖြစ်စေချင်သလဲဆိုတာကို အားလုံးကို လက်တွေ့ကျကျ စဉ်းစားစေချင်ပါတယ်။ လယ်ယာကို အခြေခံတဲ့ အနေအထားအရ … နောက် တစ်ခုက ၂၁ ရာစု နောက်ပိုင်းမှာ ပို၍ပို၍ စားနပ်ရိက္ခာ လုံခြုံမှုက အရေးကြီးလာတယ် ဆိုတဲ့ သုံးသပ် ချက်အရ ကျွန်မတို့နိုင်ငံကို လယ်ယာ စိုက်ပျိုးရေးကို အခြေခံတဲ့ ခေတ်မီ စက်မှုနိုင်ငံ ဖြစ်အောင် လုပ်လို့ မရဘူးလား၊ ဥပမာ ကနေဒါ တို့၊ နယူးဇီလန် တို့လို ဒီလိုဟာမျိုးဆိုတာကို အားလုံးက လေးလေး နက်နက် ဝိုင်းပြီး စဉ်းစားစေချင်ပါတယ်။ အဲဒီတော့ ဒီလို လုပ်မယ်ဆိုလို့ရှိရင်စီးပွားရေး လုပ်ငန်း ရှင်တွေက အစတည်းက စီမံကိန်းချပြီးတော့ လုပ်ရပါလိမ့်မယ်။ လယ်ယာစိုက်ပျိုးရေး တိုးတက်မှုနဲ့ စက်မှု ကဏ္ဍ တိုးတက်မှုကို ဘယ်လို ချိတ် ဆက်ပြီး လုပ်မလဲ၊ အဲဒီကနေ စီးပွားရေး အောင်မြင်အောင် ဘယ်လို လုပ်မလဲ ဆိုတာကို စဉ်းစား စေချင် ပါတယ်” လည်း သူမက တိုက်တွန်းပြောကြားခဲ့သည်။

နေပြည်တော် MICC I တွင် ယနေ့ညနေ ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ UEHRD အလှူရှင် များနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ အခွန် အများဆုံး ထမ်းဆောင်ကြသော အခွန်ထမ်းကြီးများ၊ ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ပေးဆောင် သူများ၊ UMFCCI နှင့် မိတ်ဖက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီးနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဖွင့်စကား ပြောကြားအပြီးတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ မေးခွန်းများအား ပြန်လည် ဖြေကြားခြင်း၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အခွန်ထမ်းကြီးများတို့ စကားဝိုင်းဖွဲ့ ဆွေးနွေးခြင်း၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များတို့ ဆွေးနွေးခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.