Connect with us

Local

တစ်နှစ်အတွင်း မြန်မာ့ဆန် ဒေါ်လာ သန်း ၅၀၀ ဖိုး တရုတ်က ဝယ်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးအောင်ထူး အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၀ရက်(ဆင်ဟွာ)

တရုတ် – မြန်မာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်အရ လည်းကောင်း၊ ကူမင်းမြို့နှင့် ရန်ကုန်မြို့ အကြား ညီအစ်မ မြို့တော် (Sister City) သဘောတူညီချက်အရ လည်းကောင်း နှစ်နိုင်ငံအကြား ကုန်စည်ဖလှယ်သည့် စနစ် ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ယခုနှစ် အတွင်း မြန်မာ့ဆန် အမေရိကန်ဒေါ်လာ သန်း ငါးရာဖိုး ဝယ်ယူသွားမည်ဟု သတင်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့ နေ့လယ်၌ ပြောကြားခဲ့သည်။

“Sister City ဆောင်ရွက်ရာမှာ ရန်ကုန်မြို့တော်အနေနဲ့ကုန်သွယ်မှု လုပ်ငန်းကို တိုက်ရိုက် ဆောင် ရွက်ဖို့ခက်ခဲတဲ့ အတွက် စီးပွား – ကူးသန်းက ကုန်သွယ်ရေး ဦးစီးဌာနနဲ့ လက်မှတ်ရေးထိုး ဆောင် ရွက် ပါတယ်၊ ဆန် အပါအဝင် သီးနှံတွေ ပို့ဖို့ MoU လက်မှတ်ရေးထိုးထားပါတယ်၊ ကူမင်းမြို့ ဘက်က အကြမ်းဖျင်း သတင်းပို့ထားတာကတော့ သူတို့အနေနဲ့ ဒီနှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ဖိုးလောက်အထိ ဝယ်ယူမယ်၊ ကျွန်တော်တို့ဘက်ကလည်း တရုတ်ဘက်က စက်ကိရိယာ၊ သံမဏိပစ္စည်း စတဲ့ ပစ္စည်းတွေကို သန်း ၅၀၀ ဖိုး ပြန်ဝယ်ယူဖို့ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ယနေ့ နေ့လယ်၌ ပြောခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ နေစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက် ရရှိထားပြီးဖြစ်သည့် ပင်လယ်ရေကြောင်းမှ တစ်ဆင့် ဆန် တန်ချိန်တစ်သိန်း တင်ပို့ရေး ကို အောက်တိုဘာလ မတိုင်မီ ပြီးစီးရေးအတွက် အမြန်ဆုံး ဆောင်ရွက် သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဒီနှစ်မှာ ဆန်တန်ချိန် ၃ ဒသမ ၂ သန်း ကျန်ရှိနေတယ်လို့ သိရပါတယ်၊ ဒီဆန်တွေကို တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာ ဆန်ဈေးကွက်ကို တင်ပို့ ရောင်းချနိုင်ရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်လျက် ရှိပါတယ်၊ G to G နဲ့ဆန်စပါး ရောင်းချဖို့ကို တရုတ်နိုင်ငံနဲ့MoU ရေးထိုးထားပြီး ဖြစ်ပါတယ်၊ MoU သက်တမ်းက ၂၀၂၀ ခုနှစ်အထိပါ၊ ဆန်တန်ချိန် တစ်သိန်း ရောင်းဝယ်ဖို့ စာချုပ် ချုပ်ထားတာပါ၊ ဒီ MoU ထဲမှာ ဆန်ကွဲကို ထည့်ချုပ်ဆိုဖို့စီစဉ်ထားပါတယ်၊ ဆန်ကွဲကတော့ ကိုတာ (quota) မရှိတဲ့ အတွက် အကန့်အသတ်မရှိ တင်ပို့ ရောင်းချနိုင်မယ့် အနေအထားဖြစ်ပါ တယ်” ဟုလည်း နေပြည်တော် စီးပွား/ ကူးသန်း ဝန်ကြီးဌာနတွင် ယနေ့ နေ့လယ်ပိုင်း ပြုလုပ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့ရေး ညှိနှိုင်း အစည်းအဝေး၌ ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

တရုတ်နိုင်ငံဘက်ကို ဆန်တင်ပို့ရာတွင် သုံးမျိုး တွေ့ရကြောင်း၊ တစ်မျိုးက လူများ စားသုံးသောဆန်၊ နယ်စပ်က သွားသည့် ကုန်ကြမ်းအဖြစ် အသုံးချသော ဆန်ကြမ်းနှင့် ယခု MoU တွင် နောက်ထပ် ထည့်သွင်းမည့် ဆန်ကွဲတို့ ဖြစ်ကြောင်း၊ ယခု ဆန်တိန်ချိန် တစ်သိန်းမှာ စားသုံးမည့် ဆန်များ ဖြစ် သောကြောင့် တရုတ်နိုင်ငံက သတ်မှတ်ထားသည့် အပင်များနှင့် ရောဂါ ကင်းရှင်းမှု စစ်ဆေးရေးအဖွဲ့ (CCIC) ၏ သတ်မှတ်ချက်များနှင့် ပြည့်မီဖို့ လိုကြောင်း၊ တင်ပို့ရောင်းချမည့် ကုမ္ပဏီများအနေဖြင့် ပထမဆုံး တရုတ်နိုင်ငံဘက်၌ မှတ်ပုံတင်ထားရန်နှင့် မှတ်ပုံတင်ရာမှာ တရုတ်ဘက်က အရည် အသွေး စစ်ဆေးသည့် ကုမ္ပဏီက လာရောက်စစ်ဆေးရမှာဖြစ်သော်လည်း နှစ်ဦးနှစ်ဘက် ညှိနှိုင်း ချက်အရ တရုတ် နိုင်ငံက CCIC ကုမ္ပဏီနှင့် မြန်မာဘက်က အရည်အသွေး စစ်ဆေးသည့် ကုမ္ပဏီ (MITS:_ Myanmar Inspection and Test Service) တို့ သဘောတူညီချက်ယူပြီး MITS ကနေ CCIC ကိုယ်စား စစ်ဆေးပေးမည် ဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်အထိ ရေးထိုးထားသော MoU ၌ တရုတ် နိုင်ငံဘက်က လာရောက်စစ်ဆေးထားသော ကုမ္ပဏီ၊ ဆန်စက်ပေါင်း ၁၁ လုံးသာ ရှိကြောင်း၊ ယင်း ၁၁ လုံးက ထွက်လာသည့် ဆန်များကိုသာ တင်ပို့ခွင့်ရခဲ့သောကြောင့် ပထမ ရခဲ့သော ဆန် ကိုတာ (quota) တစ်သိန်း ကို ပြည့်မီအောင် နှစ်နှစ်ခန့် တင်ပို့ခဲ့ရကြောင်း၊ ယခု ထပ်ရသော တစ်သိန်း အတွက်မူ မြန်မာနိုင်ငံမှာ လည်း ဆန်တွေ ပိုလျှံနေတာကြောင့် အမြန်ဆုံး တင်ပို့ ရောင်းချနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် အရည်အသွေး ပြည့်မီ ဆန်စက်များ ထပ်မံ ထွက်ပေါ် လာဖို့ MITS က ဆန်စက်များ စစ်ဆေးသည့် လုပ်ငန်းကို စိုက်ပျိုးရေး ဦးစီး ဌာနနှင့် MoU လက်မှတ် ရေး ထိုးပြီး ဆောင်ရွက်လျက်ရှိရာ MICS က ဆန်စက်ပေါင်း ၉၉ လုံးကို စစ်ဆေးပြီးဖြစ်ကြောင်း၊ စစ်ဆေးပြီးသည့် အထဲက အရည်အသွေး ကိုက်ညီသော ဆန်စက်များ စာရင်းကို တရုတ်နိုင်ငံဘက် ပေးပို့ပြီး တရုတ်နိုင်ငံက ခွင့်ပြုသည့် ဆန်စက်များက ဆန်တန်ချိန် တစ်သိန်းကို ကြိတ်ခွဲ တင်ပို့ မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဘက်မှာလည်း ကိုတာ(quota) ကို ၂၀၂၀ အောက်တိုဘာလ၌ ထပ်မံ ပြင်ဆင်ဖို့ ရှိသည့် အတွက် တင်ပို့ခွင့် ရထားသည့် ဆန်တန်ချိန် တစ်သိန်းကို အောက်တိုဘာလ မတိုင်မီ ပေးပို့နိုင်ဖို့ လိုအပ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

ယနေ့ ညနေ အစည်းအဝေးတွင် မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ ထိုအသင်းနှင့် ဆက် နွယ်သည့် အသင်း အဖွဲ့များက ဆန် တန်ချိန် တစ်သိန်းကို မည်သို့ ပို့၍မည်သည့် ဆန်စက်က မည်မျှစီ တာဝန် ယူကြမည်တို့ကို ညှိနှိုင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရ သည်။(Xinhua)