Connect with us

Local

တနင်္သာရီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ဒေါ်လာ (၁၁၅) သန်း တန်ဖိုးရှိ ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ ရောင်းချခြင်း အပါအဝင် လုပ်ငန်းသစ် ၈ခု ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြု 

ရန်ကုန်မြို့ အေရှားဝေါဆိပ်ကမ်းရှိ ကွန်တိန်နာများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) 

တနင်္သာရီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမည့် အမေရိကန်ဒေါ်လာ (၁၁၅) သန်း တန်ဖိုးရှိပြီး အလုပ်အကိုင်အခွင့်အလမ်း(၁,၀၀၀) ကျော် ဖန်တီးပေးနိုင်မည့် ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ ရောင်းချခြင်း လုပ်ငန်းလည်း တစ်ခု အပါအဝင် လုပ်ငန်းသစ် ၈ခုကို  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြု ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆင်ဟွာကို ဇူလိုင် ၁၁ ရက်တွင်ပြောသည်။ 

“မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က  လက်ခံရရှိထားတဲ့  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို အမြန်ဆုံးစိစစ်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဇူလိုင်၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း (၉)ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် အခြားကဏ္ဍတို့မှ လုပ်ငန်း အသစ် (၈)ခု ကိုခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ (၁၃၅.၁၄၄) သန်းနှင့် ကျပ် (၅၄,၁၁၅.၇၂၃) သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၂,၀၀၈) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ COVID-19 ကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရာက်မှုများ ရှိသော်လည်း ပြည်ပရင်းနှီး မြှုပ်နှံမှုများသာမက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများလည်း တိုးတက်လျက်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ သိရသည်။

၂၀၂၀ပြည့်နှစ် ဇွန်လ ကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ နိုင်ငံ/ ဒေသပေါင်း (၅၁)ခုမှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၂၆.၅၂%) ဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၄၄%) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၂၈%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)