Connect with us

Local

အာဆီယံနိုင်ငံများ အချင်းချင်း e-Commerce ဖွံ့ဖြိုးမှု ပိုမိုတိုးတက်စေရန် အာဆီယံ အွန်လိုင်းဈေးရောင်း ပွဲတော် ကျင်းပရန်ရှိ

၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ကုန်စည်ပြပွဲတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) 

အာဆီယံနိုင်ငံများ အချင်းချင်း e-Commerce ဖွံ့ဖြိုးမှု ပိုမိုတိုးတက်စေရန် အာဆီယံ အွန်လိုင်းဈေးရောင်း ပွဲတော် (AOSD) ကို  သြဂုတ် ၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ 

ဦးမျိုးသူက “ဒါကို ပထမဆုံးအကြိမ် ကျွန်တော်တို့ ကျင်းပခြင်းဖြစ်တယ်။ ကျွန်တော်တို့ဆီ မှာ COVID-19 ရောဂါ ဖြစ်လာတော့ သွားတာလာတွေ ရယ် အိတ်စပို့တင်တာတွေရယ် သိပ်အဆင်မပြေတာတွေရှိလာတယ်။ အဲ့ဒါကြောင့် အွန်လိုင်းဈေးပွဲတော်ပုံစံ လုပ်ဖို့ ရည်ရွယ်ခဲ့တာ။ ကျွန်တော်တို့ ဌာနအနေနဲ့ Trade Promotion ဆိုတဲ့ အတိုင်း ဈေးကွက်ရှာတာ ကို တိုးပြီးဆောင်ရွက်ပေးနေပါတယ်။’’ ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

အဆိုပါဈေးရောင်း ပွဲတော်ကို ဒေသတွင်းရှိ နယ်စပ်ဖြတ်ကျော် e-Commerce ကို အားပေးကူညီရန်၊ e-Commerce  လုပ်ငန်းများတွင်  စားသုံးသူများ၏ ယုံကြည်မှု ပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သော e-Commerce  ၏ အခန်းကဏ္ဍကို ပိုမိုအားဖြည့်ပေးရန်နှင့် အာဆီယံနိုင်ငံများ၏ e-Commerce  စီးပွားရေး လုပ်ငန်းများ MSMEs နှင့် စားသုံးသူများအတွက်  အကျိုးဖြစ်ထွန်းစေရန်တို့ကို   ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း   သိရသည်။ အာဆီယံအွန်လိုင်း ဈေးရောင်းပွဲတော်ကို အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အဆင့် (၁) တွင် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး အသိအမြင်မြှင့်တင်ရန်၊ ASEAN Member State (AMS) နိုင်ငံများ၏ e-Commerce Businesses ၊ Marketplaces  နှင့်  Platforms  များကို  မြှင့်တင်လမ်းဖွင့်ပေးရန်၊ စားသုံးသူများထံ  အရောင်းမြှင့်တင်ရန်တို့ ဖြစ်ပြီး အဆင့်(၂)တွင်  AMS  နိုင်ငံအသီးသီးရှိ  အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၊ ဈေးကွက်များနှင့် ပလက်ဖောင်းများသည်  နိုင်ငံများစွာရှိ  စားသုံးသူများထံ အရောင်းမြှင့်တင်ရန်  Cross  Border  e-Commerce Transaction တိုးတက်ရန် ဦးတည် ဆောင်ရွက်မည်ဖြစ်သည်။ အာဆီယံအွန်လိုင်း ဈေးရောင်းပွဲတော်ကို    သက်ဆိုင်ရာ အာဆီယံနိုင်ငံ အလိုက် e-Commerce Businesses ၊ Market-places နှင့်  Platforms များ ပါဝင်နိုင်ပြီး ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုကို အွန်လိုင်းမှရောင်းချ၍  တားမြစ်ကန့်သတ်ထားခြင်းမရှိသော တရားဝင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ   ပါဝင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ 

စိတ်ပါဝင်စားသည့် e-Commerce လုပ်ငန်းများ အနေဖြင့်  ဇူလိုင် ၂၁ ရက် နောက်ဆုံးထား၍ ကုန်သွယ်ရေး ဦးစီးဌာန dotictapp @ gmail. com သို့ လျှောက်လွှာများ ပေးပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။  (Xinhua)