Connect with us

Local

မီတာခများ ခန့်မှန်းကောက်ယူခြင်းကို ကြပ်မတ်ရန် လွှတ်တော် ဥက္ကဋ္ဌပြော

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

မီတာ ဖတ်ရာတွင်၊ မီတာခများ ကောက်ခံရာတွင် မှန်မှန်ကန်ကန် ဖြစ်ရေးအတွက် ဝန်ကြီးဌာနအနေနဲ့ ကြပ်မတ်ပေးဖို့ လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“မီတာ ခန့်မှန်းကောက်တာ ရှိရင် တိတိကျကျ တိုင်ပါ၊ မှန်မှန်ကန်ကန် အရေးယူမယ်လို့ ဝန်ကြီး ဌာနက ပြောထားတာ ရှိပါတယ်၊ ပိုမိုတိကျအောင် Digital စက်နဲ့ မီတာဖတ်စနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာအထိ မလုပ်ပေးနိုင်သေးတဲ့ အခြေအနေမှာ မူလ လည်ပတ်လို့ ဖတ်တဲ့ စနစ်နဲ့ မီတာ ဖတ်တဲ့ အခါမှာလည်း မှန်မှန်ကန်ကန်တော့ ဖြစ်ဖို့လိုတယ်၊ မှန်မှန်ကန်ကန် ဖြစ်ဖို့ဆိုရင်လည်း လက်တွေ့ကျကျ ကိုယ်တိုင်ကိုယ်ကျ သွားကောက်ဖို့တော့ လိုတယ်၊ ဒီ …. မကောက်တဲ့ အခြေ အနေတွေက ရှိပါတယ်၊ ဒါကို အားလုံးလည်း သိနေကြပါတယ်၊ ဒါကိုတော့ ဝန်ကြီးဌာနအနေနဲ့ ကြပ်မတ်ပေးဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

သံဖြူဇရပ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၏ “အစိုးရ ဝန်ထမ်းများ အားနည်းချက်ကြောင့် ဖြစ်ပွားရသော မီတာခများ အကြွေးတင် ကျန်ရှိနေခြင်းအပေါ် မည်သို့ ဖြေလျှော့ပေးနိုင်မည်နည်း၊ မီတာခ ခန့်မှန်းကောက်ယူမှုဖြင့် ဝန်ထမ်းများ တာဝန်မကျေမှုကို မည်သို့ အရေးယူ ပြုပြင် ကုစားမည်နည်း” ဟူသော မေးခွန်းကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြားအပြီးတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က “မီတာတွေ ခန့်မှန်း ဖတ်ရှုခြင်းနဲ့ မီတာခ ခန့်မှန်း ကောက်ခံ ခြင်းကြောင့် မီးသုံးသူတွေအပေါ် ဝန်ထုပ် ဝန်ပိုး မဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ပထမအချက်က မီးသုံးသူ ဦးရေနဲ့ အချိုးညီ တဲ့ မီတာဖတ်စာရေးတွေ ခန့်ထား ဆောင်ရွက်နိုင်ခွင့် ရရှိရေးကို အဆင့်ဆင့် တင်ပြ တောင်းခံလျက် ရှိပါတယ်။ ဒုတိယအချက်အနေနဲ့က မူလက အဝိုင်းပြားလေး လည်နေတဲ့ Analogue မီတာတွေ အစား ပိုပြီးတိကျတဲ့ စက်နဲ့ဖတ်တဲ့ Digital မီတာတွေ အဖြစ် ပြောင်းလဲ ဆောင်ရွက်နေတာ ရှိပါတယ်၊ သို့သော် တစ်နိုင်ငံလုံးကို ပြောင်းလဲနိုင် ဖို့က ရရှိတဲ့ ဘတ်ဂျက်နဲ့ အဆင့်အလိုက်ပဲ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဓာတ်အား ကောက်ခံ တာကိုလည်း computer bill စနစ် သုံးပြီး အဂတိ လျော့နည်းအောင် ကောက်ခံနေပါတယ်။ မီတာဖတ် စာရေးတွေက မီတာ လာ မဖတ်ဘူးဆိုရင် မီးသုံးသူအနေနဲ့ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ရုံးကို တိုင်ကြားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။ မီတာ လိုဖတ် ပိုဖတ် ခန့်မှန်းဖတ်တဲ့ ဝန်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်း ဥပဒေ အခန်း (၁၉) အပိုဒ် ၂၁၀ အရ အရေးယူ ဆောင်ရွက်ထားတာ တွေ ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။ (Xinhua)