Connect with us

Local

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စံချိန်မီ ငါးမူးသား ရွှေဒင်္ဂါး ပုံစံသစ်ဖြင့် ထုတ်ဝေ ရောင်းချမည်

ဗဟိုဘဏ်မှ ထုတ်ဝေ ရောင်းချမည့် စံချိန်မီ ငါးမူးသား ရွှေဒင်္ဂါး ပုံစံသစ်အား တွေ့ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်သူများ ဝယ်ယူမှုများပြားသော ငါးမူးသားရွှေဒင်္ဂါးမှာ လက်ကျန်နည်းနေပါ သဖြင့် အသစ် သွန်းလောင်း ထုတ်ဝေမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

အသစ်သွန်းလောင်းသည့် ငါးမူးသား ရွှေဒင်္ဂါး ၏ အချင်းမှာ ၂၂ ဒသမ ၀ မီလီမီတာ၊ အထူမှာ ၁ ဒသမ ၅ မီလီမီတာ ရှိကြောင်း ၊ ဒင်္ဂါး၏ မျက်နှာပိုင်း ဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းပုံ နှင့် ပုံ၏ အောက်တွင် Aung San အမည်ပါ ရှိကြောင်း ၊ ဒင်္ဂါး၏ အနားပတ်လည်တွင် “Central Bank of Myanmar”၊ “8.164 gm 999.9 Fine Gold” ဟု အင်္ဂလိပ်စာလုံးဖြင့် ဖော်ပြ ထားပြီး အခြားတစ်ဖက်မျက်နှာပြင်တွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်၂၀၁၉ ၅ မူးသား၊ ၉၉၉ ဒသမ ၉သန့်စင်ရွှေ” ဟု မြန်မာစာလုံးဖြင့် ဖော်ပြ ထားကြောင်း သိရသည်။

ငါးမူးသားရွှေဒင်္ဂါးဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌ နှင့် သွန်းလောင်းသည့် ဌာန အကြီးအကဲ တို့၏ မှန်ကန်ကြောင်း ထောက်ခံချက် များ တစ်ပေါင်းတည်းပါရှိမည် ဖြစ်ကြောင်း ၊ ငါးမူးသား ရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၏ အရောင်းဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တွင် နေ့စဉ် ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ကျပ် ၂၅၀၀၀/- ထပ်ပေါင်း သည့် ဈေးနှုန်းဖြင့်၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ပထမရက် သတ္တပတ်မှ စတင်၍ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားစံချိန်မီရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး တစ်မတ်သား(ပုံစံသစ်)နှင့် တစ်ကျပ်သား(ပုံစံသစ်) စံချိန်မီ ရွှေဒင်္ဂါးများကို ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ကြောင်း ၊ စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူး သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်း ဗဟိုတွင် သစ်ဆွဲ နေသော ဆင်ပုံများ သွန်းလောင်းပြီး တစ်မတ်သား(ပုံစံသစ်)နှင့် တစ်ကျပ်သား (ပုံစံသစ်) စံချိန်မီ ရွှေဒင်္ဂါးများ၏ မျက်နှာပိုင်းဗဟိုတွင် ဗိုလ်ချုပ်ပုံ သွန်းလောင်းထားကြောင်း သိရသည်။(Xinhua)