Connect with us

Local

မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂ ဒသမ ၂၅ သန်းကျော် ပြည်ပသို့ တင်ပို့ထား

ရန်ကုန်မြို့ရှိ ဆိပ်ကမ်း၌ ဆန်အိတ်များ ထမ်း၍ လုပ်ကိုင်နေသော အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်အတွင်း အောက်တိုဘာလ ၁ ရက်မှ ဇူလိုင် ၁၇ ရက်အထိ စုစုပေါင်း တန်ချိန် ၂ ဒသမ ၂၅ သန်းကျော် တင်ပို့ထားပြီး လျာထားချက် ပြည့်မီမည့် အနေအထား ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ဆင်ဟွာသို့ ယနေ့တွင် ပြောကြားခဲ့သည်။ 

“လျာထားချက်ကတော့ ကျွန်တော်တို့က ၂ ဒသမ ၄ သန်းဆိုတော့ ဒီတိုင်းဆိုရင်တော့ ဩဂုတ် ၊ စက်တင်ဘာ နှစ်လ ကျန်သေးတာပေါ့။ ပြည့်နိုင်မည့် အနေအထား ရှိပါတယ်။ လက်ရှိတင်ပို့နေတဲ့ အနေအထားအရ ဆိုရင် ဆက်တိုက် တင်ပို့နေတာ ဖြစ်တဲ့အတွက် ၂ ဒသမ ၄ သန်းတော့ ပြည့်သွားမယ့် အနေအထား ရှိပါတယ်။  နှစ်အစတုန်းက ၂ ဒသမ ၅ သန်းလို့ မှန်းလိုက်ပါတယ်။ ဒါပေမယ့် COVID-19 ဖြစ်လာတဲ့ နောက်ပိုင်းမှာ ၂ ဒသမ ၄ သန်းအထိ လျော့ပြီး မှန်းလိုက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဧပြီလကို လုံးဝ ပိတ်လိုက်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇူလိုင် ၁၇ ရက်အထိ ဆန်တန်ချိန်မှုတင်ပို့မှုသည် နိုင်ငံပေါင်း ၆၆ နိုင်ငံသို့ မက်ထရစ်တန်ပေါင်း ၁ ဒသမ ၄ သန်းတန်နှင့် ဆန်ကွဲတင်ပို့မှုသည် နိုင်ငံပေါင်း ၅၈ နိုင်ငံသို့ မက်ထရစ်တန်ပေါင်း ၈၃၉,၉၅၆ တန် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၆၇၈ ဒသမ ၂၉၈ သန်း ရရှိခဲ့ကြောင်း သိရသည်။ 

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တင်ပို့မှုအား ၂ ဒသမ ၄ သန်း တင်ပို့ရန် လျာထားသော်လည်း ဆက်လက် တင်ပို့မည့် အနေအထားများအရ မူလ လျာထားသည့် ၂ ဒသမ ၅ သန်း ရောက်သွားနိုင်မည့် အနေအထားထိ မျှော်မှန်းထားကြောင်း လည်း ဒုတိယအမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က ထည့်သွင်း ပြောကြားခဲ့သည်။ 

ယခုဘဏ္ဍာနှစ် ဇူလိုင် ၁၇ ရက်အထိ ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက မက်ထရစ်တန်ချိန် ၃၅၅၈၇၄ ဒသမ ၇၂၅ တန် ပိုမို တင်ပို့ထားပြီး ပို့ကုန် ဝင်ငွေ ရရှိမှုမှာလည်း အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၀၁၆ သန်း ပိုမို ရရှိထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ် ဇူလိုင် ၁၇ ရက်အထိ ဆန်အများဆုံး တင်ပို့ထားသည့် နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ မလေးရှား နိုင်ငံ ၊ Madagascar နိုင်ငံ ၊ ဖိလစ်ပိုင် နိုင်ငံ နှင့် Cote D’ivoire နိုင်ငံ တို့ ဖြစ်ပြီး ဆန်ကွဲအများဆုံး တင်ပို့သည့် နိုင်ငံများမှာ ဘယ်လ်ဂျီယံနိုင်ငံ ၊ ဆီနီဂေါနိုင်ငံ ၊ တရုတ်နိုင်ငံ ၊ အင်ဒိုနီးရှား နိုင်ငံ နှင့် နယ်သာလန် နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117