Connect with us

Local

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၅ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

ဆောက်လုပ်ရေး အလုပ်သမားများ လုပ်ငန်းခွင် တစ်ခု၌ လုပ်ကိုင်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းသစ် ၅ ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် စစ်ကိုင်းတိုင်းဒေသကြီး၌ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ၂ ခုနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ရေငန်ပုစွန်မွေးမြူ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ၁ ခု တို့ ပါဝင်ကြောင်း သိရသည်။

ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး (ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်) လုပ်ငန်းသည် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဉတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contribution- NDC) ကို ယခုနှစ်မကုန်မီ ဆောင်ရွက်သွားမည့် ရည်မှန်းချက်အရလည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ၌ ပြောကြားခဲ့သည့် ဗီဒီယိုမိန့်ခွန်းတွင် ပါရှိသည့် လမ်းညွှန်ချက်အရ လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၈.၁၇၈ သန်းနှင့် ကျပ် ၁၀၉,၂၀၄ သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၄၇၅ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆.၁၁ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆.၀၃ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၅၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေး ကို Video Conferencing စနစ်ဖြင့် ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117