Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုခွင့်ပြု

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ သြဂုတ်၁၃ ရက်တွင် ပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁)ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၂၃၉ သန်းနှင့် ကျပ် ၁၆၇၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၅၉၆၇)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ က အစည်းအဝေးအပြီးတွင် မီဒီယာများအားပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် နော်ပန်းသဉ္ဇာမျိုးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအပြီး မီဒီယာများ နှင့် တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင် နော်ပန်းသဉ္ဇာမျိုး က “ရန်ကုန်တိုင်းဒေသကြီး မှာ မြှုပ်နှံချင်လို့ ဒီနေ့လာဆွေးနွေးတာမှာ အထည်ချုပ် လုပ်ငန်းတို့ ပလတ်စတစ်တို့၊ မုန့်လုပ်ငန်းတို့တွေလည်း ပါတယ်။ လုပ်သားများများခန့်နိုင်မယ့်လုပ်ငန်းမျိုးတွေဖြစ်တယ်။’’ ဟု မီဒီယာများကို ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပြုလိုက်သည့် လုပ်ငန်းများသည် ၃လ၊ ၆လ အကြာတွင် ပြန်လည်၍ အစီရင်ခံရကြောင်းသိရသည်။

ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က “ကျွန်မတို့ကို ကတိကဝတ်ပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏအတိုင်း တကယ်ရော လုပ်ငန်းလုပ်ရဲ့ လား၊ လုပ်ငန်းစရဲ့လား၊ စတဲ့ အခါမှာရော ဘာအခက်အခဲတွေတွေ့လဲ။ အဲ့ဒါမျိုးကို ကျွန်မတို့ ကစိစစ်တဲ့အဖွဲ့ ကော်မတီလုပ်ပြီး စက်ရုံတွေကို ပြန်စစ်ဆေးတာတွေလုပ်ပါတယ်။ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ ငွေတွေက တကယ်ရောရင်းရဲ့လားဆိုတာတွေကိုစစ်ဆေးတယ်။ စစ်ဆေးတဲ့အခါ လုပ်ငန်းရှင်တွေဘက်က လိုအပ်တဲ့ ပါမစ်တွေ ဆက်ယူရတဲ့အခါ ဌာနဆိုင်ရာ ပိုင်းကြန့်ကြာမှုရှိလား။ ကြန့်ကြာမှုရှိရင်လည်း ကျွန်မတို့ က ဖြေရှင်းပေးတယ်။ ဒါက လုပ်ငန်းရှင်တွေ အတွက် လွယ်ကူချောမွေ့အောင်လုပ်ပေးတာဖြစ်တယ်’’ ဟု မီဒီယာများကိုဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၉) အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (Xinhua)