Connect with us

Local

မြန်မာ့ရွှေဈေးကွက်တွင် ရွှေဈေးအတက်ကြမ်းလျက်ရှိ


ရန်ကုန်၊ သြဂုတ်၁၃ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးကွက်တွင် ရွှေဈေးအတက်အကျကြမ်းလျက်ရှိကြောင်း၊ သြဂုတ် ၁၃ ရက် တွင် တစ်ရက်တည်း တွင်ကျပ် ၁,၂၁၂,၀၀၀ မှ ကျပ်၁,၂၃၃,၀၀၀ သို့ ကျပ်၂၁,၀၀၀ ဈေးတက်သွားခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက ဆင်ဟွာကိုပြောသည်။

ဦးအောင်ဆန်းဝင်းက “ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေးက လိုက်တက်တာ။ လက်ရှိမှာတော့ ရွှေဈေးနှုန်းက အတက်အကျကြမ်းနေပါတယ်’’ ဟုပြောသည်။

ကမ္ဘာ့ရွှေဈေးက သြဂုတ်လဆန်းမှစ၍ ဆက်တိုက်တက်လျက်ရှိပြီး သြဂုတ် ၁၂ ရက် တွင် တစ်အောင်စကို ၁၅၀၅ ဒေါ်လာ က သြဂုတ် ၁၃ ရက် တွင် တစ်အောင်စကို ၁၅၂၂ ဒေါ်လာ အထိဈေးတက်ခဲ့သည်။

ပန်းပဲတန်းမြို့နယ်ရှိကောင်းစံရွှေဆိုင်ရှင် ဦးမျိုးကျော်ကျော်က “ကမ္ဘာ့နိုင်ငံကြီးတွေရဲ့အခြေအနေကြောင့် ကမ္ဘာ့ရွှေဝယ်လိုအားက ဆက်တိုက်မြင့်တက်နေတယ်။ ကမ္ဘာ့ရွှေဈေးတက်လို့ မြန်မာ့ရွှေဈေးကလည်း လိုက်တက်တာပါ’’ ဟုဆင်ဟွာကိုပြောသည်။

လက်ရှိမြန်မာ့ရွှေဈေးကွက်တွင် ရွှေဈေးနှုန်းအတက်အကျကြမ်းလျက်ရှိသောကြောင့် အခေါက်ရွှေအရောင်းအဝယ်များ အေးနေကြောင်း သိရသည်။

အခေါက်ရွှေတုံးများအားတွေ့ရစဉ် (ဆင်ဟွာ)

ပန်းပဲတန်းမြို့နယ်ရှိ တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “မနေ့က ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၄၉၀ဒေါ်လာ အထိဖြစ်ခဲ့တယ်။ ကမ္ဘာမှာ အမေရိကန်ဒေါ်လာဈေးကျပြီး၊ ရွှေဝယ်လိုအားမြင့်နေတယ်။ ဒါကြောင့် မြန်မာ့ရွှေဈေးကွက်မှာလည်း ဈေးနှုန်းလိုက်တက်လာတာပါ’’ ဟုပြောသည်။

ယခင်ရွှေစုဆောင်းသူများက လက်ရှိဈေးတွင် ပြန်ရောင်းကြသူများရှိသလို ရွှေဝယ်ယူစုဆောင်းမည့်သူများ ကလည်းရွှေဈေးတည်ငြိမ်မည့် အချိန်ကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ ရွှေဆိုင်များ တွင် လက်ဝတ်လက်စားဝတ်ဆင်ရန် ဝယ်ယူမှုများလည်း အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့ရွှေဈေးနှုန်းအတက် အကျသည် အဓိကအားဖြင့်ဒေါ်လာဈေး နှင့် ကမ္ဘာ့ရွှေဈေးပေါ်တွင် မူတည်လျက်ရှိကြောင်း သိရသည်။

အောင်သမာဓိရွှေဆိုင်ပိုင်ရှင် မဇင်က “ရွှေဈေးက တက်မယ်ကျမယ် ဆိုတာ ခန့်မှန်းရခက်တဲ့ အနေအထားမှာ ရှိပါတယ်။ ရွှေကိုင်ထားသူတွေကိုတော့ ခဏဈေးကွက် အခြေအနေကိုစောင့်ကြည့်သင့်တယ်လို့ထင်ပါတယ်’’ ဟုဆင်ဟွာကို ပြောသည်။

လက်ရှိမြန်မာ့ရွှေဈေးကွက်သည် တည်ငြိမ်မှုမရှိပဲ ရက်ပိုင်းအတွင်း အတက်ဆက်တိုက်ကြမ်းလျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ဇွန် ၂၅ ရက်တွင် မြန်မာ့ရွှေဈေး တစ်ကျပ်သားကို ကျပ်၁,၁၃၀,၀၀၀ သာရှိခဲ့ သည်။ ၎င်းဈေးကို ကြည့်ပါက ၂ လ အတွင်းရွှေဈေးနှုန်းက ကျပ် ၁သိန်း ဝန်းကျင်ခန့်ခုန်တက်ခဲ့ခြင်းဖြစ်သည်။

မြန်မာလူမျိုးတို့သည် ရွှေကို မြတ်မြတ်နိုးနိုး တန်ဖိုးထား ဝတ်ဆင်ကြသည်။ လက်ဝတ် လက်စား အဆင် တန်ဆာများ၊ ဆံပင်ထုံးဖွဲ့မှုပစ္စည်းများ၊ နန်းမှုနန်းရာ အသုံးအဆောင်များ၊ ရွှေဆိုင်းခတ်ခြင်းများ ပြုလုပ်ရုံသာမ၊ မြန်မာတို့အတွက် အထွတ်အမြတ်ထားရာ ကိုးကွယ်ဆည်းကပ်သော ဘုရားဆင်းတုတော်များ၊ စေတီပုထိုးများမှာ ရွှေကို ရွှေသင်္ကန်းအဖြစ် ကပ်လှူပူဇော်ကြသည်။ ရွှေကို မြန်မာနိုင်ငံ၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရှမ်းတဲ၊ ဂဲတောင်၊ ကမ်းပါးနီနှင့် စဉ့်ကူးမြို့နယ်မှ နွယ်ရုံ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ မန်စီ၊ ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်းဘုံ၊ ပျဉ်းမနားရှိ ကျည်တောင်ခေါမ၊ ဆင်ဖြူတောင်ဒေသတို့တွင်ထွက်ရှိကြောင်း သိရသည်။

မြန်မာတို့က အခေါက်ရွှေကို ၁၆ ပဲရည်ဟု ခေါ်ပြီး၊ အနောက်တိုင်းတွင် ၂၄ ကာရက်ရွှေဟု ခေါ်ဝေါ်ပါသည်။ ရွှေတစ်ကျပ်သားမှာ ငွေ သို့မဟုတ် ကြေးနီ တစ်ပဲသား ပါဝင်သော ရွှေကို ၁၅ ပဲရည်လို့ ခေါ်ပြီး သုံးပဲသား ပါဝင်သော ရွှေကို၁၃ ပဲရည်ဟု ခေါ်ကြပါသည်။ ရွှေပန်းထိမ် လုပ်ငန်းသည်လည်း မြန်မာနိုင်ငံတွင် အဓိက ကဏ္ဍတွင်ပါဝင်သည်။

ယခုအချိန် တွင် ဒေါ်လာဈေးသည် အမြင့်ဈေးဖြင့်တည်ငြိမ်လျက်ရှိသည်။ သြဂုတ်လ ၁၃ ရက် တွင် တစ်ဒေါ်လာပေါက်ဈေး ၁၅၁၁ ကျပ်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.