Connect with us

Local

အမေရိကန် တစ်ဒေါ်လာ ၁,၂၉၆ ကျပ်သို့ စံချိန်တင် မြင့်တက်လာ

မြန်မာ ကျပ်ငွေ နှင့် ဒေါ်လာ (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ ရည်ညွှန်းဈေးမှာ နေ့စဉ် မြင့်တက်လာပြီး ၊ ပြင်ပ ပေါက်ဈေး၌လည်း ဆက်လက် မြင့်တက်ခဲ့ရာ ပြင်ပ ပေါက်ဈေးတွင် ယနေ့ နံနက်၌် တစ်ဒေါ်လာ ၁,၃၀၅ ကျပ် အထိ မြင့်တက်ခဲ့ပြီး ယနေ့ ညနေဘက်တွင် တစ်ဒေါ်လာကို ၁,၂၉၆ နှင့် ဈေးပိတ်ခဲ့သည်။

ဗဟိုဘဏ် ညွှန်းဈေးမှာ လွန်ခဲ့သော တစ်ပတ်ခန့် သြဂုတ်လ ၁၃ ရက်နေ့တွင် တစ်ဒေါ်လာကို ၁,၂၄၆ ဖြင့်ဈေးဖွင့်ခဲ့ပြီး၊ အဖွင့်ဈေးမှာ တနေ့ နည်းနည်းချင်း မြင့်တက်လာခဲ့ရာ ယနေ့တွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာကို ၁,၂၈၃ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။

ပြင်ပ ပေါက်ဈေးမှာ သြဂုတ်လ ၁၅ ရက်က တစ်ဒေါ်လာကို ၁,၂၆၈ ကျပ် ပေါက်ဈေးရှိခဲ့ပြီး ၅ ရက်အတွင်း ၂၈ ကျပ် ဈေးတက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဒေါ်လာဈေး အပြောင်းအလဲများ ဖြစ်ပေါ်မှု များပြားခြင်းနှင့်၊ ဘဏ်များ၏ ကောလဟာလ သတင်းများကြောင့် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ တရားဝင် သတင်း အချက်အလက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တစ်နေ့လျှင် လေးကြိမ် ထုတ်လွှင့်ရန် စီစဉ် ဆောင်ရွက်သွားမည် ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

“ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ငွေလဲလှယ် ဈေးနှုန်းများကို အချိန်နဲ့ တပြေးညီ သိရှိရန် လိုအပ်တယ်လို့ သုံးသပ်မိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဗဟိုဘဏ်က သတင်းအချက်များကို တစ်နေ့ လေး ကြိမ်ထုတ်လွှင့်ဖို့ စီစဉ် ဆောင်ရွက် သွားပါမည်’’ ဟု ဦးရဲထွဋ် က ဖြေကြားသည်။

ဗဟိုဘဏ်၏ သတင်းအချက်အလက်များကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် နေ့လည် ၁၁ နာရီ၊နေ့လည် ၁ နာရီ ၊ ညနေ ၄ နရီ ၊ ညနေ ၆ နာရီ အချိန်များ တွင် တစ်နေ့လျင် ၄ ကြိမ် ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်သည်ဟု ဦးရဲထွဋ်က ယနေ့ လွှတ်တော်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်လာဈေးကွက်ကို စောင့်ကြည့်လေ့လာသူ ဦးစန်းဝင်းက “ ဒေါ်လာဈေးနှုန်းက ဝယ်လိုအား မြင့်တက်လို့ ဈေးတက်ရတာပါ။ ငွေကို ဘဏ်ကနေ ထုတ်ပြီး တချို့က ဒေါ်လာ ဝယ်သိမ်း ကြတာတွေလည်း ရှိတယ်။ ဒါကြောင့် ဈေးတက်တာပါ’’ ဟု ဆင်ဟွာကိုပြောသည်။

ဒေါ်လာဈေး မြင့်တက်သည့်အတွက် ဈေးကွက်တွင် ယနေ့ ရွှေဈေးပါ အနည်းငယ် မြင့်တက်လာပြီး တစ်ကျပ်သားကို ကျပ် ၇၄၃,၀၀၀ မှ ကျပ် ၇၆၈,၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း ကောင်းစံ ရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော်က ပြောသည်။

ယနေ့ ညနေဘက်တွင် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁,၂၉၆၊ တစ်ယူရို ၁,၄၂၈ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာကို ၉၁၆ ကျပ်ရှိပြီး။ ရွှေဈေးမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ၇၆၈,၀၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စကို ၁၁၃၇ ဒေါ်လာ ရှိသည်။ (Xinhua)